CNI News


၂၀၂၁ ခုနှစ်၊ ဇူလိုင် ၂၈


စစ်တောင်းမြစ်၊ သောင်ရင်းမြစ်၊ သံလွင်မြစ်များ စိုးရိမ်ရေအမှတ် ကျော်လွန်နေခြင်းကြောင့် မဒေါက်မြို့ နှင့် မြဝတီမြို့အပါအဝင် ဘားအံမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဇူလိုင် ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။


စစ်တောင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေမှာ ယနေ့ ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁)ပေခန့် ကျော်လွန်ရောက်ရှိနေ ပြီး အဆိုပါ မြစ်ရေသည် နောက်(၁)ရက်အတွင်း (၁)ပေခန့် ဆက်လက် တက်လာနိုင်ကာ မြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက် တည်ရှိနိုင်သည်ဟု မိုး/ဇလက ဆိုသည်။


ထို့နောက် ယနေ့ နံနက် ၁၀ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် မြို့၏ စိုးရိမ် ရေမှတ်အထက်သို့ ပေဝက်ခန့် ကျော်လွန်ရောက်ရှိနေပါပြီး အဆိုပါ မြစ်ရေသည် နောက်(၁)ရက်အတွင်း (၁) ပေခွဲခန့် ဆက်လက် တက်လာနိုင်ကာ မြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်ဟု မိုး/ဇလ၏ ဇူလိုင် ၂၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။


အလားတူ ယနေ့ နံနက် ၁၀ နာရီခွဲ တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် မြို့၏ စိုးရိမ်ရေ မှတ်အထက်သို့ (၁၀)ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သည်ဟု ဆိုသည်။


ထို့ကြောင့် မဒေါက်မြို့၊ မြဝတီမြို့နယ်နှင့် ဘားအံမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူ များ အနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဆိုသည်။


#မိုး/ဇလ #ရာသီဥတု #ဘားအံ #မဒေါက် #မြဝတီ #စိုးရိမ်ရေမှတ် #သတိပြုနေထိုင်ရန် #မြန်မာ #CNImyanmar #cninews