CNI News

ဘေဂျင်း ဇူလိုင် ၂၅

တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ကျန်းကျူပြည်နယ်၊  ပူတူအို၊ ဇောင်ချမ်းကမ်းရိုးတန်းသို့ ဇူလိုင် ၂၅ ရက်၊ တနင်္ဂနွေနေ့ မွန်းလွဲ ၁၂း၃၀ နာရီက အင်ဖာတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ် ခဲ့ရာ မုန်တိုင်းဗဟိုချက် လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် ၃၈ မီတာ ရှိကြောင်း တရုတ်အမျိုးသား မိုးလေဝသဌာန၏ စောင့်ကြည့် သတင်းထုတ်ပြန်ချက်ကို ကိုးကားလျက် တရုတ် အစိုးရအာဘော် ဂလိုဘယ်တိုင်းမ်သတင်းစာ ဖော်ပြသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းက တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ရှန်ဟိုင်း၊ ကျန်းကျူနှင့် ကျန်းစုပြည်နယ်များတွင် သဘာဝဘေးအန္တရာယ် အရေးပေါ်သတိပေးချက် ၂၀၀ ခန့်ထုတ်ပြန်ခဲ့သည်။ သတိပေးချက်အမှတ် ၁၃၂ ကို ယနေ့နံနက် ၈ နာရီက ကျန်းကျူ ပြည် နယ် တစ်ခုတည်းအတွက် ထုတ်ပြန်ခဲ့ပြီး ယင်းပြည်နယ်မှာ မုန်တိုင်းဒဏ် အထိနာဆုံးဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရုတ်အမျိုးသား ရေကြောင်းဆိုင်ရာ ကြိုတင်ခန့်မှန်းရေးဌာနက ရှန်ဟိုင်းတွင် မုန်တိုင်းဒီရေနှင့်လှိုင်း အခြေအနေ သတိပေးချက်များနှင့် ကျန်းကျူပြည်နယ်ရှိ ဟန်ဇူးပင်လယ်အော်ဒေသရှိ မုန်တိုင်းဒီရေအခြေအနေ သတိပေး ချက်များ အနီရောင်နှစ်ထပ်ကွမ်း ဆက်တိုက် ထုတ်ပြန်ပေးခဲ့ကြောင်း ဂလိုဘယ်တိုင်းမ်က ရေးသားသည်။

ရှန်ဟိုင်းတွင် ယနေ့ တနင်္ဂနွေမွန်းလွဲပိုင်းနှင့် နောက်တစ်နေ့ တနင်္လာနံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမည်ဖြစ် ကြောင်း၊ အပူပိုင်းဒေသ မုန်တိုင်းအဆင့် ရောက်ရှိချိန် ရွာသွန်း သည့် ပျမ်းမျှမိုးရေချိန် ခန့်မှန်းချက်တို့ကို ရှန်ဟိုင်းမိုးလေဝသ ဗျူရိုမှ တာဝန်ရှိသူ ဝူရှူရီက ထုတ်ပြန်ပေးခဲ့သည်။

အဆိုပါ တိုင်ဖုန်းမုန်တိုင်း ‘အင်ဖာ’ သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းကျူပြည်နယ်သို့ ဝင်ရောက်ခဲ့ သဖြင့် လေကြောင်း ပျံသန်းမှု၊ ရထားပြေးဆွဲမှုတို့ ရပ်နား ခဲ့ရပြီး ကမ်းရိုးတန်းမြို့များရှိ မြေအောက်ရထားများ အမြန်နှုန်း ကန့်သတ်ခြင်းတို့ကို အဆောတလျင် ကြေညာခဲ့ရသည်။ ၅ မီတာမှ ၇ မီတာအမြင့်ရှိ လှိုင်းများနှင့် လေပြင်း တိုက်ခတ် မှုတို့ ကြောင့် နင်ဘိုနှင့် ဇွာရှန်းမြို့များအတွင်းသို့ ပင်လယ်ရေများ ဒဟလောစီးဝင်နေသည်။

တိုင်ဖုန်းမုန်တိုင်းကြောင့် ရှန်ဟိုင်းရှိ အပန်းဖြေဥယျာဉ်များဖြစ်သော ရှန်ဟိုင်းဒစ္စနေး၊ ရှန်ဟိုင်း ပျော်ရွှင်ဖွယ် ချိုင့်ဝှမ်းနှင့် ဟိုင်ချန် သမုဒ္ဒရာဥယျာဉ်တို့ကို ယာယီပိတ်ထားခဲ့သည်။ ကျန်းကျူပြည်နယ်အရှေ့ပိုင်းနှင့် အရှေ့မြောက် ကမ်းရိုးတန်း ဒေသများတွင် ယနေ့ညနေပိုင်း မြေပြိုမည့် အန္တရာယ်ရှိကြောင်း သတိပေးထားသည်။ ‘အင်ဖာ’ မုန်တိုင်းသည် ယနေ့ မွန်းလွဲ ပိုင်းတွင် ခန့်မှန်းထားသည်ထက် ပိုမိုလျင်မြန်စွာ ရွေ့လျားနေကြောင်း တရုတ်မိုးလေဝသက သတင်းထုတ်ပြန်သည်။

ဟန်ဇူးလေဆိပ်သည် ယနေ့ ခရီးစဉ် ပျံသန်းပြေးဆွဲမှုများအာလုံး ပိတ်ထားကြောင်း thepaper.cn ၏ ရေးသားချက်ကို ကိုးကားလျက် ဂလိုဘယ်တိုင်းမ်သတင်းစာက ရေးသား ဖော်ပြထားသည်။

ကျန်းကျူပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး ယွမ်ဂျီဂျွန်က ပြည်သူလူထုလုံခြုံမှုသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်အောင်၊ စီးပွားရေး ပျက်စီးဆုံးရှုံးမရှိအောင် ဆောင်ရွက်နေကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

Source: Global Times

#မုန်တိုင်း #အင်ဖာ #တရုတ် #ရှန်ဟိုင်း #တိုင်ဖွန်း #Typhoon #InFa #China #Shanghai #Zhejiang #Jiangsu

#CNImyanmar #cninews