CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၇

တရုတ်နှစ်သစ်ကူးကာလတွင် တရုတ်နိုင်ငံအတွင်းသို့ ခရီးသွားများ ဝင်ရောက်မှု ပြန်လည်မြင့်တက်လာခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထိုအခြေအနေသည် ပြည်တွင်း ယုံကြည်မှု လျော့နည်းနေပြီး အသုံးစရိတ်များ လျှော့ချနေရမှုနှင့် ရုန်းကန်နေရ သည့် တရုတ်နိုင်ငံအတွက် အပြုသဘောဆောင်သော လက္ခဏာများ ဖြစ်လာစေခဲ့သည်။

နှစ်သစ်ကူး အစိုးရရုံးပိတ်ရက်ကာလ၏ ပထမ ၆ ရက်တာကာလတွင် မီးရထားခရီးစဉ်ပေါင်း ၆၁ သန်းကျော်ရှိခဲ့ ကြောင်း တရားဝင် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ 

ထိုပမာဏသည် ပြီးခဲ့သည့် ၅ နှစ်အတွင်း  Bloomberg News က ကောက်ခံခဲ့သည့် စစ်တမ်းများထဲတွင် အမြင့်ဆုံးနှုန်းဖြစ်ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆၁ ရာခိုင်နှုန်း ခန့်မြင့်တက်လာခဲ့သည်။

“တရုတ်ရဲ့ စားသုံးသူကဏ္ဍဟာ စတင် နိုးကြွလာခဲ့ပါပြီ”ဟု HSBC မှ အာရှရေးရာ စီးပွားရေးအကြီးအကဲ ဖရက်ဒရစ် နျူမန်း (Frederic Neumann) က ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေသည် မျှော်မှန်းထားသည်ထက် ပိုမိုမြင့်မားနေသည်ဟုလည်း ၎င်းက ပြောသည်။

သို့သော် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးအခြေအနေအရ ၂၀၂၃ ခုနှစ်ထက် ပိုမို ဖွံ့ဖြိုး တိုးတက်လာသည့် နှုန်းထားသည် သာမန် မျှော်မှန်းနှုန်းထားထက် လျော့နည်းနေဆဲဖြစ်သည်ဟု ဖရက်ဒရစ် နျူမန်းက ဝန်ခံ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက စားသုံးသူ စျေးနှုန်းများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ် ဖြစ်ပွားပြီးနောက်ပိုင်း အလျင်မြန် ဆုံးနှုန်းဖြင့် ကျဆင်းခဲ့သဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် အစိုးရအပေါ် ဖိအားများ ကျရောက်စေခဲ့ ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထို့ပြင် စတော့ရှယ်ယာ စျေးကွက်တွင်လည်း ဒေါ်လာ ထရီလျံချီ တန်ဖိုးရှိသည့် ရှယ်ယာများကို ရောင်းချမှုများသည် တရုတ်၏ စီးပွားရေး မတည်ငြိမ်မှုကို မီးမောင်းထိုး ဖော်ပြရာ ရောက်ခဲ့သည်။

သို့သော် ယခုနှစ် အားလပ်ရက်ရာသီတွင် ကုန်းကြောင်းနှင့် လေကြောင်းခရီးစဉ်များသည် ပြီးခဲ့သည့်နှစ်ကဖြင့် နှိုင်းယှဉ်ပါက တိုးတက်လာသည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။

Source: ဘန်ကောက်ပို့စ်