CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈

မြန်မာနိုင်ငံ၏ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်လေယာဉ်ကွင်းအား နိုင်ငံတကာမှ လေယာဉ်များ ဆင်းသက်နိုင် သည်အထိ အဆင့်မြှင့်တင်ရန်မှာ လက်တွေ့တွင် မလွယ်ကူလှကြောင်း ခရီးသွားလုပ်ငန်းရှင်များက CNI သတင်း ဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌသည် ပုသိမ်မြို့ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ဩဂုတ် ၁၁ ရက်က ပုသိမ်လေယာဉ်ကွင်းအား နိုင်ငံတကာမှလေယာဉ်များ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင်မည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များတွင် နေ့စဉ် ယာဉ်အစီးရေ သွားလာမှုအပေါ်မူတည်ပြီး လမ်းများ အား အဆင့်မြှင့်တင်ရသဖြင့် ပုသိမ်-ရန်ကုန် ဖြတ်သန်းသွားလာမှုသည် နေ့စဉ် ယာဉ်အစီးပေါင်းများစွာ ဖြတ်သန်း သွားလာလျက်ရှိသည့်အတွက် လမ်းမျာအား အဆင့်မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြော ကြားခဲ့သည်။

ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက "နိုင်ငံတကာလေကြောင်းလိုင်းဆိုတာ International Airport နဲ့ CIQ (CUSTOMS IMMIGRATION AND QUARANTINE) Airport မတူဘူး။ International Airport ဆိုတာ မြန်မာပြည်မှာ ICAO (International Civil Aviation Organization) က အသိအမှတ်ပြုတာ ၃ ရှိတယ်။ ရန်ကုန်ရယ်၊ မန္တလေးရယ်၊ နေပြည်တော်ရယ်။ နောက်  CIQ Airport ဆိုတာတော့ ပုဂံလည်း CIQ၊ ဟဲဟိုးလည်း CIQ၊ သံတွဲလည်း CIQ၊ မော်လမြိုင်လည်းရှိတယ်။ ပုသိမ်လည်း သူတို့လုပ်မယ်ဆိုတာကတော့ တကယ် Runway တွေ၊ ခံနိုင်ဝန်အားတွေ ရှိဖို့လိုတယ်။ ဘာလို့ဆို ICAO ရဲ့ standard မညီရင်တော့ safety standard ပေါ့ အထူး သဖြင့် အဲဒါမညီရင်တော့ ကျနော်ထင်တယ် CIQ Airport ဆိုတာက CUSTOMS IMMIGRATION AND QUARANTINE လောက် လုပ်နိုင်တဲ့အဆင့်ကိုပဲ ပြောတာပေါ့နော်။ Regular schedule သွားဖို့ကတော့ ဒါ တကယ် International Airport အဆင့်အထိကို အများကြီးလုပ်ရမှာပေါ့။ ဒါပေမယ့် အဆင့်တွေအများကြီး ကျန်ပါသေး တယ်။ ပြောရတာတော့ လွယ်ပါတယ်။ ဒါပေမယ့် နောက်ကလုပ်ရမယ့်အဆင့်တွေ ကျန်ပါသေးတယ်" ဟု ပြောသည်။

ပုသိမ်လေယာဉ်ကွင်းအား တိုးချဲ့ရာတွင် နိုင်ငံတကာလေယာဉ်ကြီးများ ပြေးဆွဲနိုင်မည်ဆိုပါက ကောင်းမွန်ပြီး ထိုသို့ ‌ဆင်းသက်နိုင်ပါက ဈေးနှုန်းထားများကို တိုးမြှင့်သတ်မှတ်ထားသင့်ကြောင်း ၎င်းက ပြောသည်။

ထိုသို့ ဈေးနှုန်းကြီးမြင့်မှသာလျှင် အမှန်တကယ် သုံးဖြုန်းနိုင်မည့် ခရီးသွားများ လာရောက်လည်ပတ်ကြမည် ဖြစ်ကြောင်းနှင့် ဈေးပေါပေါဖြင့်ဆိုပါက လူအများအပြား လာရောက်ကြမည်ဖြစ်သဖြင့် မိမိတို့၏ သဘာဝပတ်ဝန်း ကျင်လည်း ပျက်စီးနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသက်လွင်တိုးက ထောက်ပြသည်။

ချောင်းသာကမ်းခြေတွင် ခရီးသွားများကို တွေ့ရစဉ်

ဧရာဝတီတိုင်းရှိ ကမ်းခြေဒေသများသည် ခရီးသွားရာသီများ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားဝင်ရောက်မှု အများ အပြားရှိပြီး သင်္ကြန်ကာလများတွင် ပုံမှန်ထက် ပို၍ ခရီးသွားဝင်ရောက်မှု များပြားတတ်ကြောင်း သိရသည်။

ထိုအခြေအနေတွင် ယခုကဲ့သို့ ပုသိမ်လေယာဉ်ကွင်းအား အဆင့်မြှင့်တင်မည်ဆိုပါက နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု ပိုမိုများပြားလာနိုင်ကာ ခရီးသွားကဏ္ဍအတွက်လည်း ပို၍ကောင်းမွန်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က CNI သတင်း ဌာနသို့ ပြောသည်။

"တကယ်က ရန်ကုန်နဲ့ပုသိမ်က မိုင် ၁၀၀ ‌ကျော်ဆိုပေမယ့်လည်း သွားရတဲ့အချိန်က လေးနာရီကျော် ငါးနာရီ လောက် မောင်းရတဲ့အခြေအနေရှိတယ်လေ။ အဲဒီဥစ္စာမှာ ပုသိမ်လေဆိပ်အဆင့်မြှင့်တင်ပြီးတော့မှ ပုံမှန် လေယာဉ်တွေ ပြေးဆွဲတာပဲဖြစ်ဖြစ်၊ နိုင်ငံတကာလေဆိပ် အဆင့်မြှင့်တင်ပြီးတော့ တိုက်ရိုက်လေယာဉ် ဆင်းသက်တာပဲဖြစ်ဖြစ် အဲဒီလိုမျိုးလုပ်ခဲ့မယ်ဆိုရင်တော့ ချောင်းသာ၊ ငွေဆောင် အပန်းဖြေခရီးလာတဲ့ လူတွေ လည်း ပိုပြီးတော့ ခရီးအဆင်ပြေသွားပါလိမ့်မယ်။ ပင်လယ်ကမ်းခြေကိုလာပြီးအပန်းဖြေမယ့် ခရီးသွားဧည့်သည် တွေ တိုက်ရိုက် flight နဲ့ လာမယ်ဆိုရင် ပိုပြီးတိုးတက်လာမယ်။ ပြီးလို့ရှိရင် အဲဒီကနေတဆင့် ပြည်တွင်း လေ ကြောင်းတွေကိုလည်း ကူးပြောင်းပြီး ပြောင်းလဲစီးနင်းနိုင်မယ်ဆိုရင် သွားရလာရတာ သူတို့အတွက် အချိန်ကုန် သက်သာပြီးတော့မှ နေရတဲ့ရက်နဲ့တွက်ကြည့်ရင် ပိုပြီးတော့ ပိုသွားနိုင်တာပေါ့နော်" ဟု ၎င်းကပြောသည်။

ချောင်းသာသို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ နှစ်သိန်းငါးသောင်း ရှစ်ထောင်ကျော်ရှိခဲ့ပြီး ၂၀၂၁ခုနှစ်ကာလတူတွင်မူ ခြောက်သောင်း ခြောက် ထောင်ကျော်သာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ငွေဆောင်ဒေသသို့လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်နှစ်သိန်းတစ်သောင်းခန့် ဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကာလတူတွင် လေးသောင်းတစ်ထောင့် ငါးရာခန့် သာ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။