CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၇

ကိုဗစ်ကာလမှစတင်၍ မကျင်းပနိုင်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံခြင်းနှင့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲနှင့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို ကိုဗစ်-၁၉ ကူးစက်ရောဂါပျံ့နှံ့မှုကြောင့် စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်ခဲ့သည်မှာ ၃ နှစ် ရှိသွားခဲ့ပြီ ဖြစ်သည်။

ယခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းသို့ ပြည်တွင်းခရီးသွားဧည့်သည်များ ပြန်လည်ဝင်ရောက်လာစေရန်အတွက် ယခင်က မကျင်းပနိုင်ခဲ့သည့် ပွဲတော်များကို ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

“ဒီနှစ်ဆိုရင် ဆရာတို့ အင်းလေးဖောင်တော်ဦးပွဲဆိုရင် ကိုဗစ်မတိုင်ခင်ကတည်းက မကျင်းပဖြစ်ခဲ့ဘူး။ ကိုဗစ် ကာလအတွင်း မကျင်းပဖြစ်ကြဘူး။ အင်းလေးဖောင်တော်ဦးပွဲလည်း ဒီနှစ် ပြန်ကျင်းပမယ်။ နောက် အလားတူပဲ တောင်ကြီးတန်ဆောင်တိုင်ပွဲလိုဟာမျိုး ပြန်ကျင်းပမယ်။ မနှစ်က ကျင်းပတယ်သာပြောတာ မနှစ်က ဒီအတိုင်း ပြောရရင်အဖြစ်ပဲ ကျင်းပတာ။ တစ်ရက်ပဲ မီးပုံးလည်း အများကြီး မလွှင့်နိုင်ဘူး။ မီးအလှပုံးပဲ လွှင့်တယ်။ မီးရှူး မီးပန်းတွေ မပါဘူး။ ဒီနှစ်က ၅ ရက်ကျင်းပမှာ အရင်လိုပဲ မီးရှူးမီးပန်းတွေလည်း ပါမယ်။ အဓိကကျတော့ ပြည်တွင်းဧည့်သည်တွေကို ရှမ်းပြည်နယ်ထဲကို များများလာဖို့ပေါ့နော်။ ဒီပွဲတော်တွေ၊ စားသောက်ဖို့တွေ၊ လည် စရာ ပတ်စရာတွေ၊ သာမန်လည်တာပတ်တာထက်စာရင် ပိုပြီးတော့မှ နဂိုတုန်းက မကျင်းပနိုင်ခဲ့တဲ့ပွဲတွေ ကျပ်းပ ပြီးတော့မှ ဆွဲဆောင်ပြီးတော့မှ ဆောင်ရွက်တာတွေ ရှိပါတယ်” ဟု ပြောသည်။

အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ် - ၁၉ ကူးစက်မှုရောဂါ ဖြစ်ပွားချိန်မှစပြီး ၃ နှစ်ကြာ ရပ်နားခဲ့ရသည့် အင်းလေး ဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီအပူဇော်ခံခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့မှစတင်၍ နိုဝင်ဘာလ ၁ ရက်နေ့အထိ ၁၇ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။

ထို့နောက် တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၇ ရက် နေ့အထိ ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ခေတ်ကာလ အခြေအနေအရ  နယ်မြေတည်ငြိမ်မှု မရှိသေးသည့်အတွက် ဒေသတည်ငြိမ်အေးချမ်းရန် လိုအပ်ကြောင်း၊ ထို့နောက် ရှမ်းပြည်နယ်အတွင်းရှိ ဟိုတယ်လုပ်ငန်း အများစုသည် ရပ်နားထားရပြီး ဝန်ထမ်းများ မှာလည်း လိုအပ်ချက် ရှိနေခြင်းကြောင့် ခရီးသည်ဝင်ရောက်မှု များပြားလာမည်ဆိုပါက ဝန်ဆောင်မှုအပိုင်းတွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်ဟု Myanmar Voyages International Tourism ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

အင်းလေးအတွင်းရှိ ဟိုတယ်ကိုတွေ့ရစဉ်

၎င်းက “၃ နှစ်ကျော် ၄ နှစ်မြောက်မှသာ ပြန်လုပ်ဖြစ်တာဆိုတော့လည်း မြန်မာ Tourism တွေကတော့ သွားကြ မှာပေါ့နော်။ ဒါပေမယ့် ဒေသငြိမ်းချမ်းဖို့ကတော့ အရေးကြီးတာပေါ့။ အဲဒါမှလည်း အင်းလေးမှာရှိတဲ့ ပိတ်ထားတဲ့ ဟိုတယ်တွေ အများကြီးရှိတယ်။ ကျနော်ထင်တယ် ၈၀ ရာခိုင်နှုန်းလောက် ပိတ်ထားရတဲ့သဘော ရှိသေးတယ် ပြီးခဲ့တဲ့ ကာလအထိ။ အဲတော့ ဒီပွင့်လင်းရာသီမှာ အားလုံးပြန်ဖွင့်နိုင်ရင်တော့ ဖွင့်ပြီး စည်ကားပါစေလို့ပဲ ကျနော် တို့တော့ ဆုတောင်းရတာပေါ့။ အဲဒီလိုဖြစ်အောင်လည်း ဧည့်သည်တွေ လာဖို့လိုတာပေါ့။ ဧည့်သည်တွေ လာပြန် တော့လည်း အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေက အပြည့်အဝ ဝန်ဆောင်မှု ပေးနိုင်ဖို့ လိုတယ်။ ကျနော်သိသလောက် ကတော့ တော်တော်များများ ဝန်ထမ်းတွေက ထွက်သွားကြပြီ။ ဆက်မနေနိုင်ကြတော့ တခြားလုပ်ငန်းပြောင်းပြီး နိုင်ငံခြားသွားတဲ့သူတွေ၊ တချို့လည်း ကယ်ရီယာ ပြောင်းသွားကြတာပေါ့နော်။ အဲဒီအခါကျတော့ ရှိတဲ့ဝန်ထမ်း တွေ လုံလောက်ပါ့မလား တကယ်လာပြီဟေ့ဆိုရင်။ နောက် service ပေးနိုင်တဲ့ ကွာလတီ ရှိဖို့လည်း လိုတယ်။ ဒါပေမယ့် ချက်ချင်းဖြည့်ဆည်းလို့ မရနိုင်ဘူးပေါ့နော်။ အဲဒါတွေကလည်း ကျနော်တို့ Tourism လောကအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်တာပေါ့နော်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် တောင်ကြီး တန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နစကမှ ဦးစီးပြီး နိုဝင်ဘာလ ၇ ရက်နေ့ ၁ ရက်တည်းသာ ကျင်းပခဲ့ကြောင်း၊ ယခုနှစ် တန်ဆောင်တိုင်ပွဲတော်အတွင်း ညမီးကြီး မီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံနှင့် နေ့လွှတ်အရုပ် ခြေ (၂) ချောင်း၊ ခြေ (၄) ချောင်း အရုပ်များကို လွတ်တင်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်၏ အစီ အစဉ် အသေးစိတ်ကိုလည်း ပွဲတော်ရက်ကာလ အနီးရောက်လျှင် တဖန် ကြေညာသွားမည်ဟု သိရသည်။

ယခုနှစ်တွင် ရှမ်းပြည်နယ်အတွင်းသို့ ခရီးသွားဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအထိ ကာလတူ နှိုင်းယှဉ်မည်ဆိုပါက ခရီးသွားဝင်ရောက်မှုသည် ၈၀,၀၀၀ ကျော် တိုးတက်လာသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။