CNI News

၂၀၂၃ ခုနှစ်၊ မတ် ၄

ရခိုင်ပြည်နယ်အတွင်းရှိ ငပလီကမ်းခြေနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာကမ်းခြေတို့ရှိ ဟိုတယ် များတွင် သင်္ကြန်ကာလအတွက် ဟိုတယ်အားလုံးနီးပါးရှိ အခန်းများ ကြိုတင်ဘိုကင် ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနထံမှ သိရသည်။

ငပလီကမ်းခြေရှိ ဟိုတယ်များတွင် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) မှစတင်၍ ဧပြီလ ၁၆ ရက်နေ့ (သင်္ကြန် အတက်နေ့)အထိ ၄ ရက်အတွင်း ဟိုတယ်ဘိုကင်များ ပြည့်နေကြောင်း၊ ငပလီကမ်းခြေသို့ သင်္ကြန်ကာလအတွင်း ခရီးသွား ၂၀၀၀(နှစ်ထောင်)ခန့် ဝင်ရောက်လာနိုင်ခြေရှိသည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီး ဌာန (ငပလီရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျက CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်ဇေယျက “သင်္ကြန်အကြိုနေ့က စပြီးတော့ ၄ ရက်က ဟိုတယ် တော်တော်များများက ဘိုကင်တွေ ပြည့် နေပါပြီ ခင်ဗျာ။ မနှစ်က ငပလီမှာ ဟိုတယ်မှာ ညအိပ်တဲ့ ဧည့်သည်တွေက ပြည်တွင်း ပြည်ပက ၁၅၀၀ ကျော် လောက်ရှိတယ်။ ဒီနှစ်ဆိုရင် အစ်ကိုတို့က ၂၀၀၀ လောက် မှန်းထားပါတယ်။ ပိတ်ထားတဲ့ ဟိုတယ်တွေကတော့ နည်းနည်းတော့ ရှိပါသေးတယ်။ ပြန်လည်ပြီးတော့မှ အခုမှ ပြန်ပြီးတော့ အားယူပြီး ပြင်ဆင်နေတဲ့ ဟာတော့ ရှိပါ တယ်။ အဲဒါက ဟိုတယ်ကြီး ၃ လုံးနဲ့ တည်းခိုရပ်သာ ၇ လုံး ကျန်ပါသေးတယ်။ အခုက ၆၅ လုံးမှာ ၅၅ လုံး ဖွင့် ထားပါပြီ”ဟု ပြောသည်။

ငပလီ ကမ်းခြေတွင် တွေ့ရသော ခရီးသွားများ

ငပလီကမ်းခြေဒေသသို့ ပြည်တွင်းခရီးသွား ဝင်ရောက်မှုသည် မတ်လမှ စတင်၍ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

ထိုသို့ ခရီးသွား ဝင်ရောက်မှု မြင့်တက်နေခြင်းကတော့ အထူးသဖြင့် နွေရာသီ ကျောင်းပိတ်ရက် ကာလဖြစ်သည့် အတွက် မိသားစု ခရီးသွားများ ရှိနေကြောင်း၊ ကုမ္ပဏီ များမှ စေလွှတ်သည့် ခရီးစဉ်များနှင့်အတူ အစုအဖွဲ့အလိုက် လာရောက်မှုများ ရှိနေကြောင်းသည်ဟု သိရသည်။

ပြည်တွင်း ခရီးသွားများ အနေဖြင့် ငပလီကမ်းခြေသို့ တစ်နေ့လျှင် ၁၀၀၀ ခန့် ဝင်ရောက်လျက်ရှိနေပြီး လက်ရှိတွင် ပိုမို ဝင်ရောက်လျက်ရှိကြောင်း၊ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုအနေဖြင့် တစ်နေ့လျင် ၅၅ ဦးခန့် ရှိသည်ဟု သိရသည်။

အလားတူ ချောင်းသာကမ်းခြေသို့ ခရီးသွား ဝင်ရောက်မှုသည်လည်း များပြားလျက်ရှိနေပြီး သင်္ကြန်ကာလအတွက် ဟိုတယ်ကြိုတင် ဘိုကင်များ ရှိနေကြောင်း၊ ကမ်းခြေမြင်ကွင်းကို ကြည့်ရှု၍ရသည့် ဟိုတယ်များသည် ဘိုကင်များ ပြည့်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန (ချောင်းသာရုံးခွဲ) မှ တာဝန်ရှိသူတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။

ငပလီရှိ ဟိုတယ်တစ်လုံးကိုတွေ့ရစဉ်

၎င်းက “ချောင်းသာလည်း ကျနော်တို့ ဘိုကင်တွေ ပြည့်ပါတယ်ခင်ဗျ။ လာတဲ့ တချို့ဧည့်သည်တွေကျတော့ အခန်း တွေက back side ရှိတယ်။ sea view တွေ ရှိတယ်ပေါ့။ ဟိုတယ် ၃၃ လုံးမှာ ၂၉ လုံးက ဖွင့်တယ်ဆိုတော့ ကမ်း ခြေဘက်နဲ့ back side ရှိတယ်။ ဒါပေမယ့် ဧည့်သည်တွေကလည်း ဘိုကင်တွေက sea view က အခန်းတွေက ဘိုကင်တွေက အကုန်ပြည့်တယ်လေ။ back side လည်း သူ့ဟာသူ ပြည့်မှာပါ။ ခါတိုင်းနှစ်ထက်တော့ ပိုများလာ လိမ့်မယ်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒီနှစ်က ၁၀ တန်း စာမေးပွဲပြီးလို့ရှိရင်လည်း သူ့ဟာသူ ဧည့်သည်လေးတွေ၊ အခုတောင်မှ အတန်းငယ်လေးတွေ ပြီးတာတောင်မှ ဆင်းလာကြတာလေ။ ၁၀ တန်း စာမေးပွဲပြီးရင်တော့ ဧပြီလ အထိကိုတော့ ဧည့်သည်တွေက လာတဲ့ ဝင်ရောက်တဲ့ဟာက များမှာပါခင်ဗျ။ အဲလိုတော့ ကျနော် သုံးသပ်ထား တယ်။ ၄၊ ၅၊ ၆ ထောင်၊ ၇ ထောင်၊ ၈ ထောင်လောက်အထိ ဖြစ်နိုင်တယ်” ဟု ပြောသည်။

ယခင်နှစ်များတွင် သင်္ကြန်ကာလအတွက် ဟိုတယ်ကြိုတင် ဘိုကင်များကို မတ်လ နောက်ဆုံးပတ်မှသာ လုပ် ဆောင်လေ့ရှိကြသော်လည်း ယခုနှစ်တွင် မတ်လဆန်းပိုင်းမှ စတင်၍ လုပ်ဆောင်လျက်ရှိနေကြာင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းထံမှ သိရသည်။
သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ပြည်တွင်း ခရီးသွားအနေဖြင့် ချောင်းသာ၊ ငွေဆောင်၊ ငပလီ ကမ်းခြေဒေသ သို့သာ အများဆုံး သွားရောက်လျက်ရှိကြောင်း၊ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုဒေသသို့ သွားရောက်လိုကြောင်း ဆက်သွယ်လာမှုများလည်း ရှိသည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။