CNI International News

ပေကျင်း၊ မတ်လ ၁၄

တရုတ်သည် အမေရိကန်နှင့် နည်းပညာစစ်ပွဲ ပြင်းထန်နေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရုန်းကန်နေရချိန် တွင် တရုတ်ခေါင်းဆောင်များက တရုတ်နိုင်ငံကို မြင့်မားသည့် နည်းပညာဗဟိုချက်တစ်ခုဖြစ်အောင် တွန်းအားပေး လုပ်ဆောင်ရန် အမျိုးသားလွှတ်တော်ညီလာခံတွင် ပြောကြားခဲ့သည်ဟု Devdiscourse  မှ ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ ပြည်သူ့မဟာခန်းမဆောင်တွင် မတ်လ ၁၁ ရက်က အဆုံးသတ်ခဲ့သည့် အမျိုးသားလွှတ်တော် ညီလာခံနှင့် နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ ညီလာခံများ (two sessions)ကို သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သည်။

Covid ကပ်ရောဂါဆိုင်ရာ တားမြစ် ကန့်သတ်ချက်များမပါဘဲ ပထမဆုံးအကြိမ် ကျင်းပခဲ့သည့် ထိုညီလာခံများ သည် တရုတ်သမ္မတ ရှီကျင့်ဖျင်(Xi Jinping) လက်အောက်တွင် တရုတ်၏ နားလည်ရခက်ခဲသော နိုင်ငံရေး စနစ်ကို ရိုးတိုးရိပ်တိပ် စောင့်ကြည့်ခွင့်ရခဲ့သည့် ရှားပါးအခွင့်အရေးတစ်ခု ဖြစ်သည်။

မတ်လ ၁၁ ရက်က အမျိုးသားလွှတ်တော် ပိတ်ပွဲ အခမ်းအနားတွင် ပုံမှန်ပြုလုပ်နေကျဖြစ်သည့် ဝန်ကြီးချုပ်၏ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်းမရှိခြင်းက ထူးခြားချက်တစ်ရပ်ဖြစ်သည်။

တရုတ်ဝန်ကြီးချုပ် လီချင်ကို တွေ့ရစဉ် 

ပြီးခဲ့သည့် သီတင်းပတ်က ညီလာခံအတွင်း တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) က မိန့်ခွန်းပြောကြားခဲ့ရာတွင် တရုတ်အနေဖြင့် သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် ကိုယ့်အားကိုယ်ကိုးပြီး ခိုင်မာမှုများရှိစေရန် တွန်းအားပေး လုပ်ဆောင်သင့်ကြောင်း တိုက်တွန်းခဲ့သည်။ 

စက်မှုလုပ်ငန်း ထောက်ပံ့ရေး ကွင်းဆက်များနှင့် မြင့်မားသည့် နည်းပညာကဏ္ဍတွင် တရုတ်၏ ရပ်တည်ချက်ကို ပိုမိုတိုးတက်စေရန် လုပ်ဆောင်သင့်ကြောင်း၊ တရုတ်၏ နှစ်စဉ် အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းကို သိပ္ပံနှင့် နည်းပညာကဏ္ဍအတွက် အသုံးပြုမည်ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။

Two sessions ညီလာခံများ ပြုလုပ်နေချိန်အတွင်း သီးသန့်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wand Yi)က အမေရိကန်သည် တရုတ်ကို ထိန်းချုပ်ဟန့်တားရန် နည်းပေါင်းစုံဖြင့် လုပ်ဆောင်နေကြောင်း စွပ်စွဲခဲ့သည်။

ထို့ပြင် တရုတ်အပေါ် အမေရိကန်က ကုန်သွယ်ရေးနှင့် နည်းပညာထိန်းချုပ်မှုများ ပြုလုပ်နေခြင်းနှင့်ပတ်သက်ပြီး ဝမ်က အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့သည်။

Source: Devdiscourse