CNI International News

နယူးဒေလီ၊ မတ်လ ၁၄

အိန္ဒိယနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ AI နည်းပညာနှင့်ပတ်သက်သည့် အကြောင်းအရာများကို လူသိရှင်ကြား တိကျပြတ်သားစွာ ဖော်ပြကြရန် အိန္ဒိယအစိုးရက နည်းပညာကုမ္ပဏီများကို တိုက်တွန်းခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

နည်းပညာကုမ္ပဏီများ၏ AI ထုတ်ကုန်များသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ ဂုဏ်သိက္ခာကို ခြိမ်းခြောက်ခြင်း မရှိအောင် လုပ်ဆောင်ရန်လည်း အစိုးရက သတိပေးခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း အိန္ဒိယအစိုးရသည် AI နည်းပညာနှင့်ပတ်သက်ပြီး ဥပဒေထုတ်ပြန်ရန် အစီအစဉ်မရှိ ကြောင်း ပြောကြားခဲ့သော်လည်း ယခုတွင်မူ AI နည်းပညာနှင့် ပတ်သက်သည့် စည်းကမ်းဥပဒေများကို ပြဋ္ဌာန်းရန် အပူတပြင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။

မကြာသေးမီက Google ကုမ္ပဏီ၏ Gemini AI ဆော့ဖ်ဝဲသည် “မိုဒီက ဖက်ဆစ်ဝါဒီလား” ဆိုသည့် မေးခွန်းကို ပြန်ဖြေကြားခဲ့ရာတွင် “မိုဒီကို အချို့ကျွမ်းကျင်သူများက ဖက်ဆစ်ဝါဒီ တစ်ဦးအဖြစ် ယူဆထားသည်” ဟု ဖြေကြားခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် သီတင်းပတ်တွင် အိန္ဒိယအီလက်ထရောနစ်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ကြီးဌာနက AI နှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်းမှု အစီအစဉ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 မိုဒီကို တွေ့ရစဉ်

ဆက်သွယ်ရေးနည်းပညာဆိုင်ရာ အငယ်တန်းဝန်ကြီး တစ်ဦးဖြစ်သည့် ရာဂျိဗ် ချန်ဒရာဆက်ခါ (Rajeev Chandrasekhar) ကမူ Google ၏ Gemini AI ဆော့ဖ်ဝဲသည် အိန္ဒိယ၏ ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲခဲ့ သည်။

“နည်းပညာမှာ ယုံကြည်စိတ်ချလို့ မရဘူးဆိုတဲ့ အချက်ကို ဥပဒေအောက်မှာ ခြွင်းချက်ပေးထားလို့ မရပါဘူး” ဟု ချန်ဒရာဆက်ခါက ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်အတွက် Google က ပြန်လည် တောင်းပန်ခဲ့ကြောင်းနှင့် ယုံကြည် စိတ်ချနိုင်ခြင်းမရှိသည့် algorithm စနစ်၏ ရလဒ်ကြောင့် ထိုအဖြေမျိုး ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းချက်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

အနောက်နိုင်ငံများတွင်လည်း အဓိက နည်းပညာကုမ္ပဏီများသည် လစ်ဘရယ် ဘက်လိုက်မှုများရှိနေသည်ဟု စွပ်စွဲခံခဲ့ရသည်။ 

ထိုကဲ့သို့ စွပ်စွဲခံခဲ့ရသည့် AI ထုတ်ကုန်များထဲတွင် Open AI ကုမ္ပဏီ၏ Chat GPT နှင့် Microsoft ကုမ္ပဏီ၏  Copilot ဆော့ဖ်ဝဲများ ပါဝင်ခဲ့သည်။

Source: အယ်လ်ဂျာဇီးယား