CNI International News

တိုကျို၊ ဇန်နဝါရီ ၂၃ 

ဂျပန်နိုင်ငံ၏ လကမ္ဘာဆင်းသက်ရေးယာဉ်သည် ဇန်နဝါရီ ၂၀ ရက်က လကမ္ဘာပေါ်သို့ သမိုင်းဝင် ဆင်သက်နိုင်ခဲ့ ပြီးနောက် ယာဉ်၏ဓာတ်အားစနစ် ပြန်လည်ရရှိနိုင်ရန် မျှော်လင့်ထားကြောင်း ဂျပန်လေကြောင်းနှင့် အာကာသ လေ့လာရေး အေဂျင်စီ (JAXA) က ပြောကြားခဲ့ကြောင်း အယ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

လကမ္ဘာဆင်းသက်ရေးယာဉ်သည် လပေါ်သို့ ဆင်းသက်ခဲ့ပြီးနောက် ၃ နာရီအကြာတွင် ထိုယာဉ်၏ ဓာတ်အား စနစ်ကို အဝေးထိန်းစနစ်ဖြင့် ပိတ်ခဲ့ခြင်းဖြစ်ကြောင်း JAXA က ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

ယာဉ်၏ ဓာတ်အားစနစ်ကို အနားပေးရန် ထိုဓာတ်အားစနစ်ကို ပိတ်ခဲ့ခြင်းဖြစ်သည်။

လကမ္ဘာပေါ်ကို ဆင်းသက်နေစဉ် 

အဆိုပါယာဉ်တွင် တပ်ဆင်ထားသည့် ဆိုလာပြားများသည် နေရောင်ခြည်စွမ်းအင်ကို ရရှိမည့်အချိန်၌ စက်ပြန်နိုး လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း JAXA က ထုတ်ပြန်ခဲ့သည်။ 

Moon Sniper ဟု အမည်ပေးထားသည့် ထိုလကမ္ဘာ စူးစမ်းလေ့လာရေးယာဉ်သည် လေ့လာရေး လုပ်ငန်းစဉ်များ ကို ပြန်လည်လုပ်ဆောင်နိုင်ရန် ဓာတ်အားစနစ်အား ပြန်ပွင့်စေဖို့ လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်းလည်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထို့ပြင် Smart Lander for Investigating Moon (SLIM) ဟု အမည်ပေးထားသည့် စူးစမ်းလေ့လာရေး မစ်ရှင်ထံမှ အချက်အလက် အများအပြားကိုလည်း လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း JAXA က ပြောကြားခဲ့သည်။ 

လကမ္ဘာဆင်းသက်ရေးယာဉ်ကို တွေ့ရစဉ်

လကမ္ဘာပေါ်သို့ Moon Sniper လေ့လာရေးယာဉ် ဆင်းသက်နိုင်မှုကြောင့် ဂျပန်သည် လကမ္ဘာပေါ်သို့ ညင်သာစွာ ဆင်းသက်နိုင်ခဲ့သည့် ပဉ္စမမြောက်နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

မည်သို့ပင်ဆိုစေ ဇန်နဝါရီ ၂၀ ရက်က ညသန်းခေါင်ကို ကျော်လွန်ပြီး မိနစ် ၂၀ ခန့်အချိန်တွင် ဆင်းသက်ခဲ့ပြီး နောက် Moon Sniper လေ့လာရေးယာဉ်၏ ဆိုလာဘက်ထရီများသည် ဓာတ်အားထုတ်လုပ်ပေးနိုင်ခြင်း ရှိ/မရှိကို JAXA က အတည်မပြုနိုင်ခဲ့ပေ။

လက်ရှိတွင် ထိုလေ့လာရေးယာဉ်၏ ဆိုလာပြားများသည် အနောက်ဘက်သို့ မျက်နှာမူလျက်ရှိပြီး နေရောင်ခြည် နှင့် ထိတွေ့ချိန်တွင် စွမ်းအင်များ ပြန်လည်ရရှိခဲ့မည်ဆိုပါက ဓာတ်အားစနစ် ပြန်ပွင့်လာလိမ့်မည်ဟု မျှော်လင့် ထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား