CNI International News

တဲလ်အဗစ်၊ ဒီဇင်ဘာ ၂၃

အစ္စရေးနှင့် ဟားမာ့စ်အကြား စစ်ပွဲဖြစ်ပွားနေသည့်တိုင် အစ္စရေး၏ နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အမေရိကန်စီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ၊ အော်ရီဂွန် (Oregon) ပြည်နယ်၊ ပို့စ်လန်း (Portland) မြို့မှ စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဂျော့ချ် ဂျူးရစ် (George Djuric) သည် စစ်ပွဲဖြစ်ပွားနေချိန်တွင် အစ္စရေးသို့သွားရောက်ခဲ့ပြီး အစ္စရေးနည်းပညာကဏ္ဍအတွက် ကူညီပေးမည်ဟု ကတိပြုခဲ့သည်။

အမေရိကန်ရှိ Y Ventures ကုမ္ပဏီတွင် နည်းပညာအရာရှိချုပ်ဖြစ်သည့် ဂျူးရစ်သည် ၁၉၉၀ ပြည့်နှစ် အလယ်ပိုင်း ကာလများက ဘော့စနီးယားစစ်ပွဲ ဖြစ်ပွားချိန်အတွင်း ဘော့စနီးယားမှ အမေရိကန်သို့ ဒုက္ခသည်အဖြစ် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သို့ ရောက်ရှိချိန်တွင် သူသည် အသက် ၃ နှစ်အရွယ်သာ ရှိသေးသည်။ ယခုသီတင်းပတ်အတွင်း အစ္စရေးသို့ သွားရောက်ခဲ့သည့် အမေရိကန်နည်းပညာ အလုပ်အမှုဆောင်များနှင့် ရင်းနှီးမြှုပ်နှံသူ ၇၀ ခန့်တွင် ဂျူးရစ်လည်း ပါဝင်ခဲ့သည်။

"အစ္စရေးနဲ့ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသဖို့အတွက် ဒီကိုရောက်လာခဲ့တာ ဖြစ်ပါတယ်။ Silicon Valley ပြီးရင် ကမ္ဘာ့ဒုတိယ အကြီးဆုံးဖြစ်တဲ့ နည်းပညာရပ်ဝန်းဖြစ်တဲ့ အစ္စရေးရဲ့ နည်းပညာကဏ္ဍကို ကူညီပေးသွားမှာ ဖြစ်ပါ တယ်" ဟု ဂျူးရစ်က ပြောသည်။

ဟားမာ့စ်အဖွဲ့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲကြောင့် အစ္စရေး၏ နည်းပညာကဏ္ဍတွင် ထိခိုက်မှုရှိနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

နည်းပညာကဏ္ဍသည် အစ္စရေး၏ ပို့ကုန် စုစုပေါင်း၏ ထက်ဝက်ကျော်ရှိကာ နိုင်ငံစီးပွားရေး စုစုပေါင်း၏ ငါးပုံ တစ်ပုံနီးပါး ရှိသည်။

စစ်ပွဲဖြစ်ပွားချိန်တွင် နည်းပညာရပ်ဝန်း၌ လုပ်ကိုင်နေသည့် ဝန်ထမ်းများထဲမှ ၁၅ ရာခိုင်နှုန်းသည် စစ်မှုထမ်းခဲ့ ဖူးသူများ ဖြစ်ကြသည်။

ထိုအခြေအနေများ ရှိနေသည့်တိုင် အမေရိကန် ရင်းနှီးမြှုပ်နှံသူများက အစ္စရေး၏ နည်းပညာကဏ္ဍအပေါ် စိတ်ဝင်စားနေကြဆဲ ဖြစ်သည်။

"အစ္စရေးရဲ့ စီးပွားရေး ပြန်လည် နာလန်ထူမှုဟာ ၃ လ၊ ၆ လ၊ ၉ လ ဒါမှမဟုတ် ၁၂ လလည်း ကြာရင်ကြာမြင့် နိုင်ပါတယ်။ ဒါပေမယ့် ဒါက ကျနော်တို့အတွက် ပြဿနာမဟုတ်ပါဘူး။ ကျနော်တို့ဟာ အစ္စရေးအပေါ် အရင်ကတည်းက ယုံကြည်မှုရှိပြီးသားပါ" ဟု အမေရိကန် ရင်းနှီးမြှုပ်နှံသူတစ်ဦးက ပြောကြားခဲ့သည်။

Source: အေပီ