CNI International News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂

ယခင်က Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာ အသုံးပြုသူများအနက် Bluemark ရရှိထားသည့် အသုံးပြု သူများသည် ယခုအခါတွင် မိမိတို့၏ selfie ဓာတ်ပုံအပြင် အစိုးရက ထုတ်ပေးထားသည့် မှတ်ပုံတင်ဓာတ်ပုံကို တင်သွင်းရန် လိုအပ်လာလိမ့်မည်ဟု PC မဂ္ဂဇင်း၏ သတင်းတွင် ဖော်ပြခဲ့သည်။

အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို အစ္စရေးကုမ္ပဏီဖြစ်သည့် AU10TIX software ကုမ္ပဏီက စိစစ်အတည်ပြုမည်ဖြစ်ပြီး ထိုအချက်အလက်များအား ရက်ပေါင်း ၃၀ ကြာ သိမ်းဆည်းထားမည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

AU10TIX software ကို တွေ့ရစဉ်

ဘေးကင်းလုံခြုံရေးနှင့် အကောင့်တုများကို တားဆီးရန် အချက်အလက်များအား စုဆောင်းပြီး အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို စိစစ်အတည်ပြုသွားမည်ဟု X ကုမ္ပဏီက ပြောကြားခဲ့သည်။

X အသုံးပြုသူ အများစုကမူ ၎င်းတို့၏ အချက်အလက်များကို သိမ်းဆည်းထားမည့် ကုမ္ပဏီ၏ အစီအစဉ်ကို ကျေနပ်မှုမရှိဘဲ X ကုမ္ပဏီဝန်ထမ်းများနှင့် အစ္စရေး ထောက်လှမ်းရေးအဖွဲ့အကြား ဆက်နွှယ်မှုများကို ထောက်ပြ ခဲ့ကြသည်။ 

ထို့ပြင် အတိတ်ကာလက ကိုယ်ရေး အချက်အလက်များ ချိုးဖောက်ခံခဲ့ရသည့် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး X ၏ ဆုံးဖြတ်ချက်ကို သဘောမတူကြောင်း အသုံးပြုသူများက ဖော်ပြခဲ့ကြသည်။

လူမှုကွန်ရက်ကနေ လုံခြုံရေးစိုးရိမ်မှု ရှေ့နေက တင်ပြနေစဉ်

AU10TIX ကုမ္ပဏီသည် ၁၉၈၀ ပြည့်နှစ်နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း လေဆိပ်များနှင့် နယ်စပ်ဂိတ်များတွင် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီအား အချက်အလက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်အတည်ပြုသည့် စနစ်များ ကို ဖန်တီးရာတွင် အကူအညီပေးခဲ့သည်။

ထိုကုမ္ပဏီသည် နောက်ပိုင်းတွင် လုပ်ငန်းချဲ့ထွင်လာခဲ့ပြီးနောက် ၂၀၀၂ ခုနှစ်တွင် ဒစ်ဂျစ်တယ် နယ်ပယ်သို့ ဝင်ရောက်လာခဲ့ကာ Uber ၊ PayPal နှင့် Google ကဲ့သို့ နာမည်ကြီး နည်းပညာကုမ္ပဏီများနှင့် လက်တွဲ လုပ်ဆောင်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက Twitter ကို ဝယ်ယူခဲ့သည့် အီလွန် မာ့စ် (Elon Musk) ကမူ မှတ်ပုံတင် စိစစ်   အတည်ပြုသည့် စနစ်ကို ယခင်ကတည်းက လုပ်ဆောင်ခဲ့ပြီး မကြာမီအချိန်အတွင်း လူသိရှင်ကြား ချပြမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးယား