CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၁၃

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ၎င်း၏တပ်ဖွဲ့များသည် ယခုလအတွင်း ရုရှားလက်အောက်မှ နယ်မြေ စတုရန်းကီလိုမီတာ ၆ ထောင် (၂,၃၂၀ စတုရန်းမိုင်)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ သည်ဟု အယ်လ်ဂျာဇီးယားသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ထို့နောက် ၇ လကြာ စစ်ပွဲအတွင်း မော်စကို၏ အဆိုးရွားဆုံး အရေးနိမ့်မှုဖြစ်ကြောင်း ဇာလန်းစကီးက ပြောသည်။

၎င်းက “အခု စက်တင်ဘာလဆန်းမှာ ကျနော့် တပ်ဖွဲ့ဝင်တွေဟာ အရှေ့ဘက်နဲ့ တောင်ဘက်မှာရှိတဲ့ ယူကရိန်း ပိုင်နက် နယ်မြေ စတုရန်းကီလိုမီတာ ၆ ထောင်ကျော် ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ကျနော်တို့တပ်တွေ ပိုပြီး အရှိန်မြှင့် လှုပ်ရှားနေပါတယ်” ဟု စက်တင်ဘာ ၁၂ ရက်၌ ၎င်း၏ ညစဉ်ပုံမှန်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယူကရိန်းတပ်များသည် စက်တင်ဘာ ၁၂ ရက်တွင် ပိုမိုအားကောင်းလာခဲ့ပြီး အချို့နေရာများတွင် အရှေ့မြောက် နယ်စပ်အထိ ရုရှားတပ်များကို မောင်းထုတ်နိုင်ခဲ့သည်။

ယူကရိန်းတပ်ဖွဲ့ကိုတွေ့ရစဉ်

မော်စကိုအနေဖြင့် အလျင်စလို ဆုတ်ခွာခဲ့ရသဖြင့် ဖရိုဖရဲဖြစ်ခဲ့ရာ ရုရှားတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးရမိ ကြောင်း ဇာလန်းစကီးက ပြောသည်။

“အရှေ့မြောက်ပိုင်းဒေသတချို့မှာ ကျနော်တို့ဘက်က ခုခံကာကွယ်သူတွေဟာ ရုရှားဖက်ဒရေးရှင်းရဲ့ ပြည်နယ် တစ်ခု နယ်စပ်အထိ ချီတက်နိုင်ခဲ့ကြတယ်” ဟု ခါကိဗ်ဒေသ အရှေ့မြောက်နယ်မြေ အုပ်ချုပ်ရေးမှူး အိုလက် စိုင်ရယ်ဟူဗော့ (Oleh Synyehubov) က ပြောသည်။

ရုရှားတပ်သားများသည် ၎င်းတို့ အခြေအနေမှာ မျှော်လင့်ချက် ကင်းမဲ့လာပြီဟူ၍ သိနားလည်မိသဖြင့် အစုလိုက် အပြုံလိုက် လက်နက်ချခဲ့ကြောင်း ယူကရိန်းစစ်ဘက် ထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

ရုရှားစစ်သုံ့ပန်း (POWs) အများအပြား ရှိနေသဖြင့် ၎င်းတို့ကို ထားရှိရင် ယူကရိန်းပြည်တွင်း၌ နေရာလွတ် မရှိတော့ကြောင်း ဇာလန်းစကီး၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ရုရှားစစ်သုံ့ပန်း ဖြစ်သွားသူ အကျဉ်းသား အရေအတွက် မကန့်သတ်ထားသော်လည်း ၎င်းတို့ကို မော်စကိုက ထိန်းသိမ်းထားသည့် ယူကရိန်းတပ်သားများနှင့် အလဲအလှယ်လုပ်မည်ဟု ဇာလန်းစကီး၏ အကြံပေး အိုဘက် စီအေရီစတိုဗစ်ချ် (Oleksiy Arestovich) က ပြောကြားခဲ့သည်။

ဖမ်းဆီးထားသော ရုရှားတပ်ဖွဲ့ဝင်များထဲတွင် အရာရှိ အဆင့်များလည်း ပါဝင်ကြောင်း ယူကရိန်းထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ အန်ဒရီယူဆော့ဖ်က သတင်းထောက်များကို ဆက်လက် ရှင်းပြခဲ့သည်။

Source: Aljazeera