CNI International News

မော်စကို၊ ဇန်နဝါရီ ၂၁

တိုက်ပွဲများဖြစ်ပွားနေသည့် ဘက်ခ်မွတ်(Bakhmut )မြို့အနီးရှိ ယူကရိန်းအရှေ့ပိုင်းကျေးရွာတစ်ခုကို ထိန်းချုပ်နိုင်ခဲ့ပြီဟု ရုရှားဘက်က ထုတ်ပြန်ကြောင်း Aljazeera သတင်းတွင်ဖော်ပြသည်။

ယူကရိန်းနိုင်ငံ ဒွန်နက်ခ်(Donetsk)ပြည်နယ်မှ ကလစ်ရှ်ချိကာ (Klishciivka) ရွာကို ရုရှားတပ်များက သိမ်းပိုက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက သောကြာနေ့တွင် ပြောသည်။ စစ်မဖြစ်ခင် ဒေသခံ ၄၀၀ နီးပါး နေထိုင်သော အဆိုပါရွာကို အမြှောက်နှင့်လေကြောင်းအကူအညီများကြောင့် မြေပြင်တပ်ဖွဲ့များက သိမ်းပိုက် နိုင်ခဲ့သည်ဟု ကာကွယ်ရေးဌာနမှ ပြောသော်လည်း လက်ရှိအချိန်အထိ ယူကရိန်းဘက်က အဆိုပါကိစ္စရပ်အပေါ် မှတ်ချက်ပြုပြောဆိုခြင်း မရှိသေးပေ။ ကလစ်ရှ်ချိကာရွာသည် ဘက်ခ်မွတ်မြို့၏ တောင်ဘက် ၆ မိုင်အကွာတွင် တည်ရှိသည်။ ဘက်ခ်မွတ်မြို့သည် မဟာဗျူဟာအရ အရေးပါသောမြို့ဖြစ်ခြင်းကြောင့် ယင်းကို သိမ်းပိုက်ရန်နှင့် ကာကွယ်ရန် ရုရှားနှင့်ယူကရိန်းတပ်များ ပြင်းပြင်းထန်ထန်တိုက်ခိုက်လျက်ရှိသည်။

ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်မတိုင်ခင်ကတည်းက ရုရှားဘက်မှ ကြေးစားစစ်သည်များနှင့် ဒွန်နက်ခ်ရှိ ခွဲထွက်ရေးလက်နက်ကိုင်တပ်ဖွဲ့များက ကလစ်ရှ်ချိကာကို သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ယူကရိန်းနှင့် ရုရှားတို့ အပြင်းအထန် တိုက်ပွဲများဖြစ်ပွားနေသည့် နယ်မြေဒေသများကို မြေပုံတွင် အနီရောင်ဖြင့် ပြသထားစဉ်(အယ်လ်ဂျာဇီးယား)

ထို့အပြင် တပ်ဖွဲ့များသည် ယူကရိန်းတောင်ပိုင်း ဇာပိုရစ်ဇီးရား (Zaporizhia) ပြည်နယ်ဒေသရှိ လော့ဘ်ကိုဗက် (Lobkove) မှ ရွာတစ်ရွာကိုလည်း ထိန်းချုပ်နိုင်ခဲ့ပြီဟု ရုရှားကာကွယ်ရေးဌာနမှ ထုတ်ပြန်သည်။ ဇာပိုရစ်ဇီးရားနှင့် ဒွန်နက်ခ်တို့သည် ရုရှားဘက်မှ တစ်စိတ်တစ်ပိုင်းကျူးကျော်ထားရာ ယူကရိန်းပြည်နယ် လေးခုမှနှစ်ခုအပါအဝင် လည်းဖြစ်သည်။

ယူကရိန်းသို့ စစ်ရေးအကူအညီများ တိုးမြှင့်ပေးရေးအတွက် ယူကရိန်း၏ အနောက်အုပ်စုမှ မဟာမိတ်များ ဂျာမနီတွင်တွေ့ဆုံဆွေးနွေးနေစဉ် ရုရှားဘက်မှ စစ်မြေပြင်အောင်မြင်မှုများ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲမတိုင်ခင်ကတည်းက ယူကရိန်းသို့ စစ်ရေးအကူအညီသစ်များပေးမည်ဟု အမေရိကန်နှင့် ဖင်လန်တို့က ကြိုတင်ကြေညာခဲ့သည်။သောကြာနေ့ဆွေးနွေးပွဲတွင် ဂျာမနီလုပ် Leopard 2 တင့်ကားများကို ယူကရိန်းသို့ပေးပို့ရေးအတွက် ဂျာမနီဘက်ကခွင့်ပြုမလားဆိုခြင်းအပေါ်ဆွေးနွေးသွားကြ မည်ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် ယူကရိန်းသမ္မတ ဇာလန်းစကီးက ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့ကာ အကူအညီများအတွက် မဟာမိတ်များကို ကျေးဇူးတင်ကြောင်း ပြောခဲ့ရုံသာမက နောက်ထပ်အကူအညီများကို အချိန်တိုအတွင်းပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။ တခြား မဟာမိတ်များဘက်မှ ယူကရိန်းသို့ ဂျာမနီလုပ်တင့်ကားများပေးခြင်းကို ဆုံးဖြတ်ရန် ဂျာမနီအနေဖြင့် ဗီတိုအာဏာကို ပိုင်ဆိုင်ထားသော်လည်း လက်ရှိအချိန်အထိ ဂျာမနီအစိုးရသည် ထိုကိစ္စနှင့်ပတ်သတ်၍ နှုတ်ဆိတ်နေလျက်ရှိသည်။ တင့်ကားများပေးပို့ခြင်းသည် ရုရှားဘက်သို့ ရန်စသည့် အပြု အမူမျိုး ဖြစ်သွားမည်ကို ဂျာမနီအာဏာပိုင်များက စိုးရိမ်နေခြင်းဖြစ်သည်။

Source:Aljazeera