CNI International News

ပို့အော်ပရင့်စ်၊ စက်တင်ဘာ ၁၅

လောင်စာဆီဈေးနှုန်းများ တိုးမြှင့်လိုက်ကြောင်း ဟေတီအစိုးရ ကြေညာလိုက်ပြီးနောက် နိုင်ငံတဝန်းရှိ မြို့များတွင် လူအများ လမ်းပေါ်ထွက်၍ လူနေမှုစရိတ် ဖိစီးလာခြင်းအပေါ် ဒေါသတကြီးဖြင့် ဆန္ဒပြခဲ့ကြကြောင်း အယ်လ်ဂျာဇီးယားက ရေးသားသည်။

ဒီဇယ်နှင့် လောင်စာဆီဈေးနှုန်း အနည်းငယ်တိုးလိုက်ပြီး ဓာတ်ငွေ့ဈေးနှုန်းလည်း နှစ်ဆကျော်တက်မည်ဟု ဟေတီအာဏာပိုင်များက ဇူလိုင် ၁၄ ရက်တွင် ကြေညာခဲ့သည်။

ဓာတ်ငွေ့ဈေးနှုန်းများကို ထိန်းချုပ်လိုက်ပြီးနောက် ပြင်ဆင်သတ်မှတ်လိုက်သော ဈေးနှုန်းအသစ်များ မည်သည့် အချိန်တွင် စတင်မည်ကို အစိုးရက ပြောကြားခြင်းမရှိပေ။ သို့သော် ဟေတီတွင် ပေါက်ဈေးမှာ နိုင်ငံတကာ ဈေးကွက်ထက် သိသာစွာ လျော့နည်းမည် ဟု တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။

ရေနံထွက်ပစ္စည်းတင်သွင်းမှုကုန်ကျစရိတ်သည် တစ်လလျှင် ဟေတီသုံးငွေကြေး ၉ ဘီလီယံ (ဒေါ်လာ ၇၆ ဒသမ ၂ သန်း) ရှိပြီး လစဉ်နိုင်ငံတော်လုပ်ခလစာဘတ်ဂျက်ထက် နှစ်ဆပိုများနေကြောင်း ဟေတီအစိုးရ၊ ဆက်သွယ်ရေး ဝန်ကြီးဌာန၏တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။

မြို့တော် ပို့အော်ပရင့်စ်ရှိ လမ်းများကို ဆန္ဒပြသူများက ပိတ်ဆို့ခဲ့ကြပြီး ယင်းနေရာများသည် ပုံမှန်လူစည်ကားရာ နေရာများဖြစ်သည်။ လမ်းမပေါ် ကျောက်တုံးများဖြင့် ပိတ်ဆို့၍ မော်တော်ယာဉ်များ၊ ကားတာယာများကို မီးရှို့ ခဲ့ကြပြီး စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းကုမ္ပဏီရုံးများ ပိတ်ထားခဲ့ကြသည်။

ဟေတီနိုင်ငံရှိ စက်သုံးဆီဆိုင်တစ်ခုတွင် စက်သုံးဆီရရှိရန် တန်းဆီစောင့်ဆိုင်းနေစဉ်(ဓါတ်ပုံ-Getty Imgaes)

ဆန္ဒပြပွဲများသည် ငွေကြေးဖောင်းပွမှု တိုးလာခြင်းနှင့် အုပ်စုဖွဲ့အကြမ်းဖက်မှု များပြားလာခြင်းတို့ကြောင့် လှုပ်ခတ်နေခဲ့သည့် ဟေတီနိုင်ငံကို တစ်ပူပေါ် နှစ်ပူဆင့်စေခဲ့သည်။

“အခုအချိန်ဟာ ဟေတီအတွက် အင်မတန်စိန်ခေါ်မှု ရေချိန်မြင့်နေပါတယ်” ဟု ဟေတီနိုင်ငံသို့ ရောက်ရှိနေသော သတင်းထောက် ဟာရိုးအီးဇက် (Harold Isaac) က အယ်လ်ဂျာဇီးယားသတင်းဌာနသို့ စက်တင်ဘာ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ဟေတီနိုင်ငံသားများသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် သမ္မတ ဂျိုဗီနယ်မော်စီ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် မလုံခြုံမှုများ တိုးပွား၍ ဆိုးရွားနေချိန်တွင် ငွေကြေးဖောင်းပွမှုဒဏ်ကိုလည်း ယခုနှစ် ဆက်လက်ရင်ဆိုင်ခဲ့ရ ကြောင်း ၎င်းသတင်းထောက်က ဆက်လက်ပြောကြားခဲ့သည်။

“အခုဒီမှာ ပေါင်းစပ်အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ဆုံးအကျပ်အတည်းကတော့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို တကယ်ခက်ခဲစေတဲ့ ဓာတ်ငွေ့ရှားပါးလာမှုဖြစ်ပါတယ်” ၎င်းက ရှင်းပြသည်။

ဟေတီနိုင်ငံသားအချို့သည် လောင်စာဆီရရှိရန်အတွက် မှောင်ခိုသမားများထံမှ မတန်တဆဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနေရသည်။

Source: Aljazeera