CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်စပ်က မိုးဗြဲမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ကရင်နီ လက်နက်ကိုင်များ (ပူးပေါင်းအဖွဲ့)ကြား ဖြစ်ပွားနေသော တိုက်ပွဲတွင် နေအိမ် ၁၀၀ ကျော် ပျက်စီး ဆုံးရှုံး ခဲ့ ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မိုးဗြဲမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီတပ်မတော်(KA) ပူးပေါင်းတပ်ဖွဲ့တို့ စက်တင်ဘာ ၈ ရက်နေ့ကနေ စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး ယနေ့ (စက်တင်ဘာ ၁၂ ရက် နေ့)အထိဆိုလျှင် နေအိမ် အလုံး ၁၀၀ ကျော် ပျက်စီးခဲ့သည်။

တိုက်ပွဲအတွင်း ပျက်စီးသွားသည့် မိုးဗြဲက နေအိမ်များ (PKPF)

PKPF သတင်းနှင့်ပြန်ကြားရေးဗျူရိုက “ ယမန်နေ့ည (စက်တင်ဘာ ၁၁ ရက်နေ့) တစ်ရက်အတွင်း မိုးဗြဲတိုက်ပွဲ စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပွဲကုန်း ၁၊ ၂၊ ၃ ရပ်ကွက် နေအိမ်အလုံး ၄၀ ထက်မနည်း လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါသည်။ ၄ ရက်အတွင်း တိုက်ပွဲပြင်းထန်မှုကြောင့် နေအိမ် အလုံး ၁၀၀ ထက် မနည်း ပျက်စီးနေပြီ”ဟု စက်တင်ဘာ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် ယနေ့ (စက်တင်ဘာ ၁၂ ရက်) ၅ ရက်မြောက်တွင်လည်း တိုက်ပွဲများ ဖြစ်နေခြင်းကြောင့် မိုးဗြဲ၊ ဖယ်ခုံလမ်း အသွားအလာ မပြုလုပ်ရန် ကရင်နီအဖွဲ့များက ထုတ်ပြန်ထားသည်။