CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၈

လော့ဟီးမာတင်ကော်ပိုရေးရှင်း (Lockheed Martin Corp) သည် ၎င်း၏ကိုယ်ပျောက်တိုက်လေယာဉ် သတ္တုစပ် စက်ပစ္စည်းအစိတ်အပိုင်း တရုတ်နိုင်ငံထဲတွင် ပြုလုပ်နေကြောင်း သိရှိရပြီးနောက် F-35 တိုက်လေယာဉ်များ ရောင်းချခြင်းကို ယာယီဆိုင်းငံ့လိုက်ကြောင်း အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့သည်။

လော့ဟီးမာတင်သည် အဆိုပါ တိုက်လေယာဉ်များ ထုတ်လုပ်သူဖြစ်ပြီး ယခုဖြစ်စဉ်မှာ ဖက်ဒရယ်ကာကွယ်ရေး ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ရာရောက်ကြောင်း CNN က သတင်းဖော်ပြသည်။

ပေါင်းစပ်ပါဝါပက်ကေ့ချ်၏ တစိတ်တပိုင်းအဖြစ် သုံးသော သတ္တုစပ် (Alloy) ပါဝင်သည့် သံလိုက်ကိရိယာသည် လုံခြုံရေးဆိုင်ရာ ပြဿနာတော့ မရှိကြောင်း ပင်တဂွန်က ဆက်လက် ပြောကြားခဲ့သည်။

အမေရိကန်၊ ပင်တဂွန်စစ်ဌာနချုပ် (GETTY IMAGES)

“သံလိုက်ကိရိယာဟာ သတင်းအချက်အလက်ပေးပို့တာ (ဒါမှမဟုတ်) လေယာဉ်ရဲ့ ကြံ့ခိုင်မှု မထိခိုက်စေဘူးဆို တာ ကျနော်တို့ အတည်ပြုထားပါတယ်။ ဒီကိစ္စနဲ့ ဆက်စပ်နေတာက စွမ်းဆောင်ရည်၊ အရည်အသွေး၊ လုံခြုံရေး အန္တရာယ် ရှိ/မရှိဆိုတဲ့အပေါ် မူတည်ပြီး F-35 လေယာဉ် ထုတ်လုပ်ရေးနဲ့ ပျံသန်းရေးတို့ကို ပုံမှန်လိုပဲ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” ဟု အမေရိကန်ကာကွယ်ရေးဌာန၊ ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ရက်စ်ဂိုးမား (Russ Goemaere) က ရှင်းပြသည်။

လော့ဟီးမာတင်ကုမ္ပဏီသည် လာမည့်ကာလများအတွက် အဆိုပါသတ္တုစပ်အတွက် အစားထိုးစရာ အရင်းအမြစ် ကို ရှာဖွေထားပြီးဖြစ်ကြောင်း ပင်တဂွန်က ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် လော့ဟီးမာတင်ကုမ္ပဏီ၏ နည်းပညာပိုင်းဆိုင်ရာ ပေါက်ကြားခဲ့ရခြင်းအတွက် မည်သို့ဖြစ်ပျက်ခဲ့ပုံကို ဆုံးဖြတ်ရန် ပြန်လည်သုံးသပ်နေသည်။

ယခုအခါ လေယာဉ် တင်ပို့ရောင်းချမှု မည်သည့်ကာလအထိ ဆိုင်းငံ့ထားမည် (သို့မဟုတ်) တရုတ်သတ္တုစပ်မည်မျှ ထုတ်လုပ်ထားကြောင်း တွေ့ရသည် စသည့် အချက်အလက်များကိုတော့ ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ဖော် ပြောကြားခြင်း မရှိပေ။

အဆိုပါ ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်တွင် F-35 အစင်းရေ ၁၅၃ အထိ တင်ပို့ရောင်းချရန် အစောပိုင်းက စီစဉ်ခဲ့ရာ ယခုအချိန်အထိ ၈၈ စင်း တင်ပို့ခဲ့ပြီး ဖြစ်သည်။

လော့ဟီးမာတင်ကုမ္ပဏီကိုတွေ့ရစဉ် (GETTY IMAGES)

F-35 သည် ကမ္ဘာ့အဆင့်မြင့်ဆုံး တိုက်လေယာဉ် အမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။

အမေရိကန်လေတပ်သည် F-35A အမျိုးအစား ၃ မျိုး ထုတ်လုပ်ပြီး သမရိုးကျ အတက်အဆင်း လုပ်နိုင်သော ဂျက်လေယာဉ်ပေါင်း ရာနှင့်ချီ၍ လုပ်ငန်းလည်ပတ်စေခဲ့သည်။ လေယာဉ်ပြေးလမ်း လျှောဇောက်မလိုဘဲ ဒေါင် လိုက် ဆင်းသက်နိုင်၊ ပျံတက်နိုင်သည့် မရိန်းတပ်ဖွဲ့၏ F-35B များနှင့် F-35C တို့ကို လေယာဉ်တင်သင်္ဘော စစ်ဆင်ရေးအတွက် အသင့်ပြင်ဆင်ခဲ့သည်။

အဆိုပါလေယာဉ်များတွင် တပ်ဆင်ထားသည့် သံလိုက်စနစ်သည် ရေဒါဖြင့် အဝေးမှ ထိုးဖောက်မြင်နိုင်စွမ်း (သို့မဟုတ်) ထိရှလွယ်သည့် ကွန်ပျူတာစနစ် ပရိုဂရမ်များထဲသို့ ဝင်ရောက်နှောင့်ယှက်နိုင်စွမ်း မရှိအောင် ဖန်တီးထားသည်။

F-35 လေယာဉ် လုပ်ငန်းများ၊ ပို့ဆောင်ရေးများ ပြန်လည်စတင်နိုင်အောင် လက်ရှိ ပြဿနာများကို တတ်နိုင်သမျှ ဖြေရှင်းနေကြောင်း လော့ဟီးမာတင်က ထုတ်ပြန်ချက် တစ်စောင်ထဲတွင် ပြောကြားထားသည်။

Source: CNN