CNI International News

ဘေဂျင်း၊ ဩဂုတ် ၂၆

အိန္ဒိယနှင့်တရုတ်တို့အကြား နယ်နိမိတ်အငြင်းပွားမှုပြဿနာတွင် ပြင်ပမှ တတိယနိုင်ငံတစ်နိုင်ငံ ဝင်ရောက် စွက်ဖက်နေခြင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တန်ကေဖေးက ဩဂုတ် ၂၅ ရက်တွင် ပြောကြားခဲ့သည်။

အငြင်းပွားနေသည့် အိန္ဒိယ-တရုတ်နယ်စပ်တွင် အမေရိကန်နှင့်အိန္ဒိယစစ်တပ်တို့ ပူးတွဲလေ့ကျင့်နေခြင်းကို ၎င်းက ထိုကဲ့သို့ပြောကြား၍ ကန့်ကွက်ကြောင်း တုံ့ပြန်ခဲ့သည်။

အိန္ဒိယ-အမေရိကန်ပူးတွဲအထူးတပ်ဖွဲ့များ၏ ၁၃ ကြိမ်မြောက် စစ်ရေးလေ့ကျင့်မှု (Ex Vajra Prahar 2022) ကို ရက် ၂၀ ကြာပြုလုပ်မည်ဖြစ်ပြီး ဩဂုတ် ၈ ရက်တွင် အိန္ဒိယနိုင်ငံ၊ ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်၊ ဘက်လို့တပ် စခန်းမြို့ရှိ အထူးတပ်ဖွဲ့လေ့ကျင့်ရေးကျောင်း၌ စတင်လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်ဟု အိန္ဒိယမီဒီယာများက ရေးသားဖော်ပြကြသည်။

ထို့ပြင် နှစ်နိုင်ငံတပ်များသည် အမြင့်ပေ ၁ သောင်းရှိ ဩလီတောင်ပေါ်ဒေသတွင် လာမည့်အောက်တိုဘာလ လယ်ပိုင်းတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဆက်လက်ပြုလုပ်ရန်လည်း ရှိကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ဩလီဒေသသည် အငြင်းပွားနေသော တရုတ်-အိန္ဒိယနယ်စပ်နှင့် ကီလိုမီတာ ၁၀၀ အောက်သာ ဝေးကွာသည်။

အိန္ဒိယ-တရုတ် နယ်စပ်လုံခြုံရေးစစ်သားများကို တွေ့ရစဉ်(ဓါတ်ပုံ-credit)

တရုတ်နိုင်ငံအနေဖြင့် အဆိုပါသတင်းများကို နားဆင်မှတ်သားထားပြီး နယ်စပ်ဒေသများတွင် စစ်ရေးလှုပ်ရှားမှု များအား အထူးဂရုတစိုက် စောင့်ကြည့်သွားမည်ဟု တန်ကေဖေးက ဆက်လက်ပြောကြားခဲ့သည်။

သက်ဆိုင်ရာနိုင်ငံများအလိုက် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို တရုတ်က အမြဲအလေးအနက်ထားပါကြောင်း၊ အထူးသဖြင့် လေ့ကျင့်ရေးနှင့်အခြားလှုပ်ရှားမှုများတွင် တတိယနိုင်ငံမပါဝင်ဘဲ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး အတွက် အထောက်အကူပြုစေသင့်ကြောင်း ၎င်းက သဘောထားမှတ်ချက်ပေးခဲ့သည်။

တရုတ်နှင့်အိန္ဒိယတို့သည် ဆွေးနွေးမှုအဆင့်တိုင်းအတွက် ထိရောက်သည့် ဆက်ဆံရေး ထိန်းသိမ်းထားရှိပြီး နှစ်နိုင်ငံတွေ့ဆုံညှိနှိုင်းမှုများမှတစ်ဆင့် အငြင်းပွားမှုများကို ကောင်းစွာကိုင်တွယ်ဖြေရှင်းရန် သဘောတူခဲ့ကြောင်း တန်ကေဖေးက ဖြည့်စွက်ပြောကြားခဲ့သည်။

၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း တရုတ်နှင့်အိန္ဒိယတို့ ချုပ်ဆိုခဲ့သော သဘောတူစာချုပ်များအရ နှစ်ဘက် စလုံးက အမှန်တကယ်ထိန်းချုပ်နယ်နိမိတ်မျဉ်းအနီးရှိ နယ်မြေများတွင် စစ်ရေးလေ့ကျင့်မှုကို ခွင့်ပြုထားခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များ လက်ခံခဲ့ကြသည့် အရေးကြီးသော သဘောတူညီချက်များကို တိကျစွာလိုက်နာရန် အိန္ဒိယကို မိမိတို့တိုက်တွန်းပါကြောင်း၊ နယ်နိမိတ်ပြဿနာများအတွက် ထားရှိပြီးသော ကတိကဝတ်များအတိုင်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး ခိုင်မာစွာဆောင်ရွက်ရန် အရေးကြီးကြောင်း ဗိုလ်မှူးကြီးတန်ကေဖေးက ပြောကြားခဲ့သည်ဟု ဂလိုဘယ်တိုင်းမ်သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Source: Global Times