CNI International News

မော်စကို၊ ဩဂုတ် ၁၆

မိမိမဟာမိတ်များနှင့် စစ်ရေး ပူပေါင်းဆောင်ရွက်မှု တိုးချဲ့မည်ဖြစ်ရာ မော်စကို၏ အဆင့်မြင့်ဆုံး လက်နက်များ ရောင်းဝယ် ဖောက်ကားဖို့ အသင့်ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု အေပီသတင်း ဌာနက ရေးသားထားသည်။

မော်စကိုမြို့တော်၏ အပြင်ဘက်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သည့် လက်နက်ပြပွဲ စတင်ဖွင့်လှစ်သည့် အခမ်းအနားတွင် နိုင်ငံ ခြားမှ ဝယ်နေကျ မဟာမိတ်များကို ဖိတ်ခေါ်ဧည့်ခံခဲ့ပြီး ရုရှားသည် လက်နက်တင်ပို့ရာ၌ ‘ဝင်ရိုးစုံ နိုင်ငံတကာစနစ် စကားရပ်’ (multipolar word) ဖွံ့ဖြိုးလာစေရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပူတင်က ဆက်လက် ပြောကြား ခဲ့သည်။

အဆိုပါ စကားရပ်သည် အမေရိကန်၏ တကမ္ဘာလုံး လွှမ်းမိုးချုပ်ကိုင်ရေးကို နှိမ်နင်းရန် ကရင်မလင်၏ ကြိုးပမ်းမှုတိုင်း အတွက် သုံးစွဲလေ့ရှိသော စကားရပ်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ကာကွယ်ရေး၀န်ကြီးကိုတွေ့ရစဉ် (AP)

အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု ဖြစ်ပေါ်စေခဲ့သည့် ယူကရိန်းတွင် ရုရှားစစ်တပ်၏ ဆောင်ရွက်ချက်များကို ပူတင်က ချီးကျူးခဲ့ပြီး ၎င်းအပေါ်ထောက်ခံသည့် မော်စကို၏ မဟာမိတ်များကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့ရဲ့မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ကမ္ဘာ့တိုက်ကြီး အသီးသီးမှာ ကျနော်တို့ အတွေးအခေါ်ကို မျှဝေပေးကြတဲ့ သူတွေ အများကြီးရှိတဲ့အတွက် သူတို့ကို အထူးပဲ ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယူကရိန်းသို့ ကျူးကျော်မှုကြောင့် နိုင်ငံတကာဥပဒေ ချိုးဖောက်သူဟု ရှုတ်ချခံထားရသည့် ပူတင်က “မော်စကို၏ မဟာမိတ် နိုင်ငံများမှ ခေါင်းဆောင်များသည် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ဖွံ့ဖြိုးရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြကြောင်း၊ နိုင်ငံတကာဥပဒေ၏ အခြေခံအရ ကမ္ဘာ့အရေးနှင့်ဒေသတွင်း လုံခြုံရေးပြဿနာများကို စုပေါင်းဖြေရှင်းလိုကြောင်း၊ တာဝန် နှင့် အပြန်အလှန် အကျိုးစီးပွား ခွဲဝေပေးခြင်းဖြင့် ဘက်စုံဝင်ရိုးကမ္ဘာကို ထိန်းထားနိုင်ရန် အထောက်အကူပြုကြောင်း” ဆက်လက် ပြောကြားခဲ့သည်။

ရုရှားနဲ့မဟာမိတ်နိုင်ငံများ (GETTY IMAGES)

ရုရှားသည် လက်တင်အမေရိကန်၊ အာရှ၊ အာဖရိကနိုင်ငံများနှင့် မိမိ၏သမိုင်းကြောင်းအရ ချစ်ကြည်ရင်းနှီးပြီး ယုံကြည်စိတ် ချရသော ဆက်ဆံရေးကို စိတ်ရင်းအမှန်ဖြင့် တန်ဖိုးထားပါကြောင်း” ပူတင်က မှတ်ချက်ချခဲ့သည်။ မည်သည့် နိုင်ငံများကို ဆိုလိုကြောင်းကိုတော့ အမည်နှင့်တကွ ထုတ်ဖော်ခဲ့ခြင်း မရှိပါ။

“ကျနော်တို့ဟာ မဟာမိတ်တွေ၊ မိတ်ဖက်နဲ့အတူ ခေတ်အမီဆုံး လက်နက် အမျိုးအစားတွေဖြစ်တဲ့ သေနတ်တွေ၊ သံချပ်ကာ ကား၊ အမြောက်တွေကနေ စစ်လေယာဉ်နဲ့ ဒရုန်းတွေအထိ ရောင်းဝယ်ဖောက်ကားသွားဖို့ အသင့်ရှိနေပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Source: AP