CNI International News
မော်စကို၊ နိုဝင်ဘာ ၂

ရုရှားအပေါ် ချမှတ်ထားသည့် အမေရိကန်နှင့် ၎င်းမဟာမိတ်များ၏ ပိတ်ဆို့မှုများသည် နှစ်ပေါင်းများစွာ ကြာမြင့် လိမ့်မည်ဟု ရုရှားက ယူဆထားကြောင်း သို့သော် ကမ္ဘာ့စီးပွားရေးတွင် အမေရိကန်၏ လွှမ်းမိုးမှုသည် ယိမ်းယိုင် လာပြီဖြစ်ကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ် (Dmitry Peskov) က ပြောသည်ဟု CNA မှ ဖော်ပြခဲ့သည်။

ယခုဆယ်စုနှစ်ကုန်ချိန်တွင် ရုရှား၏ ရေနံနှင့် ဓာတ်ငွေ့များမှ ရရှိသည့် ဝင်ငွေများကို ထက်ဝက်အထိ လျှော့ချရန် အမေရိကန်က ရည်ရွယ်ထားကြောင်း အမေရိကန်၏ စွမ်းအင် သယံဇာတရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဂျီရော့ဖ်ရေး ပိုင်ယက် (Geoffrey Pyatt) က Financial Times သတင်းစာကို ပြောကြားခဲ့သည်။

ပိုင်ယက်၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ပက်စကော့ဗ်က အင်တာဗျူးတစ်ခု၌ မှတ်ချက်ပေးရာတွင် " အဲဒီ ပိတ်ဆို့မှုတွေက နှစ်တွေအများကြီးအထိ ကြာမြင့်လိမ့်မယ်ဆိုတာ ကျနော်တို့ သံသယမရှိပါဘူး။ အမေရိကန်ရဲ့ ထုတ်ပြန်ချက်တွေ မရှိရင်တောင်မှ ဒါကို ကျနော်တို့ ကြိုသိထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တွက်ချက်မှုတွေ အရ အခုလို ယူဆခဲ့တာ ဖြစ်ပါတယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်ရာတွင် ၎င်း၏ စီးပွားရေးသည် မျှော်မှန်းထားသည်ထက် ခံနိုင်ရည်ရှိခဲ့သည်ဟု ရုရှားအစိုးရက မကြာခဏ အမွှမ်းတင် ပြောကြားလေ့ရှိသည်။

သို့သော် ရုရှားသည် ငွေကြေးဖောင်းပွမှုများ၊ လုပ်သားအင်အား ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရပြီး နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ ထုတ်လုပ်မှုအတွက် အများဆုံး အသုံးပြုခဲ့ရသည်။

"အမေရိကန်ဟာ ရုရှားအပေါ် ဖိအားတွေ ဆက်ပေးနေပြီး ကုန်သွယ်ရေး၊ စီးပွားရေး ဆက်ဆံရေးစနစ်တစ်ခုလုံးကို ဖျက်ဆီးနေမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး"ဟု ပက်စကော့ဗ်က ပြောသည်။

အနောက်နိုင်ငံများနှင့် ကုန်သွယ်ရေးကျဆင်းမှုကို ကာမိစေရန်အတွက် ရုရှားသည် တရုတ်၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်း၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကမှ အခြားဈေးကွက်များနှင့် ပြောင်းလဲ ချိတ်ဆက် လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

"ကမ္ဘာ့စီးပွားရေးဟာ အမေရိကန်ရဲ့ စီးပွားရေးအပေါ်မှာပဲ ကန့်သတ်ထားတာမျိုး မဟုတ်တော့ပါဘူး။ တရုတ်ဟာ လည်း အမေရိကန်ကို အမီလိုက်လာခဲ့ပါပြီ" ဟု ပက်စကော့ဗ်က ပြောကြားခဲ့သည်။

Source: CNA