CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၆

မောင်တောမြို့နယ်အတွင်း ဖြတ်သန်းသွားလာသည့် ယာဉ်များအနေဖြင့် စစ်တပ်(သို့မဟုတ်) ရဲဌာနများသို့ သတင်းပို့ရမည်ဟု စစ်ဆေးရေးဂိတ်အရာရှိများက ပြောဆိုကြောင်း ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

၂၆ ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး မောင်တောမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို သတင်းပို့၊ စစ်ဆေးမှုများကို လုပ်ဆောင်နေသည်ဟု မောင်တောဒေသခံ ကိုမောင်မောင်ကျော်က ပြောသည်။

“ကျနော်တို့ မောင်တောတစ်လျှောက်ပေါ့ ကားတွေ ထွက်လို့ရှိရင် သတင်းပို့ရတယ်။ ကိုယ်နေတဲ့နေရာကနေ ထွက်လာလို့ရှိရင် သတင်းပို့။ သူတို့ စစ်ကြောင်းဗျူဟာကို သတင်းပို့ရတာပေါ့နော်။ သူတို့ ကြိုပြီးတော့ ပြောထား တာလည်း မရှိဘူး။ ကျနော်တို့ တောင်ပြိုကိုရောက်တာနဲ့ ဂိတ်မှာ သတင်းပို့ပြီးပြီလား အဲလိုမေးတယ်။ မပို့ထားဘူး ဆိုရင် သူတို့ ဖုန်းနဲ့ဆက်ခိုင်းတယ်။ လမ်းတံတားကောင်စီက G 3 လား ဘာလား မသိဘူး။ G 3 ကို ဖုန်းဆက်ပြီးတော့ သူတို့က မင်းတို့က စစ်တပ်ကို သတင်းမပို့ဘူးဆိုလို့ရှိရင် ရဲကို သတင်းပို့ ဒီလိုမျိုး လုပ်ရမယ်ပေါ့နော်။ ပြန်ဝင်လာလို့ရှိရင်လည်း ပြန်ဝင်လာကြောင်းကို ပြောရတယ်။ ပြီးတော့ ကားပေါ်မှာပါတဲ့သူတွေက မှတ်ပုံတင် တွေပြရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မောင်တောမြို့နယ်အတွင်း သွားလာမှုများကို ယခင်ကလည်း ကန့်သတ်တားမြစ်ခြင်း၊ ဆက်သွားခွင့်မပေးဘဲ ပြန် လှည့်ခိုင်းခြင်းများနှင့် သွားလာခွင့် ပိတ်ပင်ထားခြင်းများကို စစ်ဆေးရေးဂိတ်များက လုပ်ဆောင်လေ့ရှိကြောင်း သိရသည်။

မောင်တောဒေသခံ တစ်ဦးဖြစ်သူ ကိုလှမောင်က ပြည်သူများ၏ လုပ်ကိုင်ခွင့်များကို ကန့်သတ်နေသည့် သဘော ရောက်နေသည်ဟု CNI သို့ ပြောသည်။

“သူတို့က တည်ငြိမ်နေတဲ့နေရာကို သူတို့က ဆူပူအောင် လုပ်သလို၊ ပြည်သူလူထုကို ထပ်ပြီးတော့ ဘာမှလုပ်ခွင့် မရှိဘူး။ ဘယ်မှသွားစရာမလိုဘူး အဲလိုမျိုး လုပ်တာလို့ မြင်တာပေါ့နော်။” ဟု ပြောသည်။

မောင်တောမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်သို့ သတင်းပို့ လုပ်ဆောင်နေရခြင်းနှင့်ပတ်သက်ပြီး ကြိမ်ချောင်း အုပ်ချုပ်ရေးမှူးကို မေးမြန်းရာတွင် လက်ရှိ မောင်တောမြို့နယ်၏ ကျေးရွာများဘက်တွင် ယင်းသို့ ဆောင်ရွက် နေမှုများ မတွေ့ရကြောင်းနှင့် မြို့ပေါ်တွင်သာ ဖြစ်နိုင်သည်ဟု CNI သတင်းဌာနသို့ ပြောသည်။

မောင်တောမြို့နယ်မှ တောင်ပြိုသို့ သွားရာလမ်းတစ်လျှောက်တွင် ကျီးကန်းပြင် စစ်ဆေးရေးဂိတ်၊ အင်းဒင် စစ်ဆေးရေးဂိတ်နှင့် ကြိမ်ချောင်း စစ်ဆေးရေးဂိတ်အပြင် စစ်ဆေးရေးဂိတ် ၇ ခုရှိပြီး ဂိတ်တစ်ခုရောက်တိုင်း သတင်းပို့ရသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ၆ နာရီအထိ သတ်မှတ်ထားသည့်အတွက် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များနှင့် ဒေသခံများအနေဖြင့် ည ၆ နာရီအမီ ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။