CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၃

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နုတ်ထွက်၍ မိတ်ဖက် ဆက်ဆံရေးအဖြစ်သာ ရပ်တည်မည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က CNI သတင်းဌာနသို့ ပြောသည်။

NLD အနေဖြင့် NUCC တွင် ကိုယ်စားပြုမှု မပါဝင်ဘဲ မိတ်ဖက် ဆက်ဆံရေးအဖြစ်သာ ရပ်တည်တော့မည် ဖြစ်ကြောင်း သတင်းဌာနအချို့တွင် ရေးသားဖော်ပြထားသည်။

ဦးသန်းစိုးနိုင်က “အဲဒါက ကျနော့်အမြင်နဲ့ ပြောရလို့ရှိရင် မဖြစ်နိုင်တဲ့ ကိစ္စပါ၊ အဲဒါကြောင့် အလားအလာ အကြောင်းတော့ ကျနော် ထပ်ပြီး မပြောတော့ပါဘူး။ ခြုံပြီးတော့ ပြောရလို့ရှိရင်တော့ NLD ပါတီအနေနဲ့ ဒီလိုလည်း လုပ်မှာ မဟုတ်ဘူး။ ဒီလို လည်း ဆုံးဖြတ်မယ် မထင်ဘူး။ NUG ဆိုတဲ့ ကိစ္စ၊ နောက် CRPH အဲဒီကိစ္စတွေ အားလုံးက NLD ပါတီကို အခြေပြုလို့ ပေါ် ပေါက်လာတာ ဖြစ်တဲ့အတွက် NLD ပါတီ NUG ကနေပြီး ခွဲထွက်ဖို့ ဆိုတဲ့ကိစ္စ၊ အမျိုးသားကောင်စီက NUCC ကနေ ခွဲထွက်ဖို့ ကိစ္စဟာ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အဲဒီ အလားအလာနဲ့ ပတ်သက်ပြီး ကျနော်အနေနဲ့ သဘောထား ပြောစရာ သိပ်မရှိ ပါဘူး။ နွေဦးတော်လှန်ရေးနဲ့အတူ NLD ပါတီဟာ အတူ တည်ရှိနေမယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်” ဟု ပြောသည်။

၂၀၂၂ ခုနှစ်က ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့ညီလာအပြီး NUCC မှ ကျင်းပသည့် အစည်းအဝေးများကို NLD ပါတီအနေ ဖြင့် တက်ရောက်ခြင်း မရှိတော့ကြောင်း MPA သတင်းဌာနက ရေးသား ဖော်ပြထားသည်။

NUCC အစည်းအဝေးတစ်ခု ကျင်းပနေစဉ်

NUCC မှ အဖွဲ့ဝင်ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မသိရှိရသေး ကြောင်း၊ သတင်းအရ ကြားသိရကြောင်း KNU မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက CNI သတင်းဌာနသို့ ပြောသည်။

ပဒိုစောတောနီးက “အဲဒါလည်း ကျနော်လည်း အသေအချာပြောလို့ မရသေးဘူး။ Sorry ပါနော်။ အဲဒါလည်း ကျနော်တို့လည်း သတင်းအရ ကြည့်နေရတာပဲ ရှိသေးတယ်။ ဒါပေမဲ့ ကျနော်လည်း ကောင်စီဝင်ထဲမှာ မပါတော့ အကုန်လုံးကလည်း မရလိုက် ဘူးလေနော်” ဟု ပြောသည်။

အခြားတစ်ဖက်တွင်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်သည့် (KPICT) အနေဖြင့် လည်း NUCC တွင် ကိုယ်စားလှယ် တက်ရောက်ခြင်း မရှိတော့သည်မှာ အချိန်ကာလ တစ်ခုထိရှိခဲ့ပြီး ဖြစ်ကြောင်း MPA သတင်းဌာနက ရေးသားထားသည်။

သို့သော် NLD နှင့် KPICT တို့ NUCC မှာ ကိုယ်စားပြုမှု မရှိတော့ခြင်းနှင့်ပတ်သက်ပြီး CNI အနေဖြင့် သီးခြား အတည်ပြုနိုင် ခြင်း မရှိသေးပေ။
CRPH၊ NUG၊ NUCC စသည့် အဖွဲ့အစည်းများမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲသည့် NLD ပါတီမှ ကိုယ်စား လှယ်များကို အခြေပြု ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကိစ္စများသည် သွေးခွဲမှုသာ ဖြစ်ကြောင်း ဦးသန်းစိုးနိုင် က ပြောသည်။

ရွေးကောက်ပွဲကာလ NLD ပါတီစည်းရုံးရေး (judithbluepool)

ဦးသန်းစိုးနိုင်က “အဲဒီ သဘောထား ဖော်ပြချက်က မမှန်ဘူးလို့ ကျနော်က ပြောချင်ပါတယ်၊ သူက မိတ်ဖက် အဖွဲ့အစည်း မဟုတ်ပါဘူး။ NLD ပါတီ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ NUG ဟာ နောက်ပြီးတော့ CRPH ဟာ၊ နောက်ပြီးတော့ NUCC အဲဒါတွေ အားလုံးဟာ ကျနော်တို့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေ ကို အခြေပြုပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းပါ၊ ဒါကြောင့်မို့လို့ NLD ပါတီနဲ့ မိတ်ဖက် အဖွဲ့အစည်း ဘာညာဆိုတဲ့ ကိစ္စတွေဟာ ဒါက သွေးခွဲသပ်လျှိုတဲ့ သဘောထားတွေ ထုတ်လွှင့်တာလို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အခြေခံ၍ အဖွဲ့အစည်း (၃၃) ဖွဲ့ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ထိုအထဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈) ဖွဲ့မှ မတူညီသည့် ပုံစံတွင် ပါဝင်နေ ကြောင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ပြုလုပ်သည့် NUCC ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။