CNI International News

မော်စကို၊ ဧပြီ ၂၁

ရုရှားနှင့်ယူကရိန်း နှစ်နိုင်ငံအကြား ရပ်တန့်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့်စပ်လျဉ်း၍ သမ္မတ ဗလာဒီမာ ပူတင်၏ ပြောခွင့်ရသူ ဒီမီထရီပက်စ်ကော့ဗ်က သဘောထားမှတ်ချက်ပေးရာတွင် “မော်စကိုသည် ယူကရိန်းထံသို့ တိကျသောအသုံးအနှုန်းများဖြင့် အဆိုပြုချက်မူကြမ်းကို ပေးပို့ခဲ့ကြောင်း” သတင်းထောက်များကို ပြောကြားခဲ့ သည်ဟု ရုရှားအာဘော် အာရ်တီသတင်းဌာနက ရေးသားဖော်ပြသည်။

“ဆွေးနွေးပွဲအတွက် သူတို့ဘက်က ညှိနှိုင်းရမယ့်အလှည့်ပါ။ သူတို့တုံ့ပြန်မှုကို ကျနော်တို့ စောင့်နေပါတယ်” ဟု ပက်စကော့ဗ်က ဧပြီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။ ယူကရိန်းဘက်က တုံ့ပြန်ရမည့် နောက်ဆုံး သတ်မှတ် ထားခြင်း ရှိ/မရှိ သတင်းထောက်များက ဆက်လက်မေးမြန်းခဲ့ရာ ၎င်းက “ကိယက်ဗ်အစိုးရပေါ်တွင် မူတည် ကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

သို့သော် ယူကရိန်းနိုင်ငံသားများသည် ယခုစေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရာ၌ သဘောထားကြီး သည့်လက္ခဏာ မပြသကြောင်း ပက်စကော့ဗ်က မှတ်ချက်ချခဲ့သည်။ ထို့ပြင် ယူကရိန်းသည် စကားအသုံးအနှုန်း များ မတည်တံ့ဘဲ စဉ်ဆက်မပြတ် အပြောင်းအလဲရှိနေကြောင်း ၎င်းက စွပ်စွဲပြောကြားခဲ့သည်။

ဧပြီ ၂၀ ရက်အစောပိုင်း၌ ပြောကြားခဲ့သည့် ပက်စကော့ဗ်၏မှတ်ချက်များကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာရီယာဇာခါရိုဗာက ထပ်ဆင့်ပြောကြားခဲ့ရာတွင် “မော်စကိုအနေဖြင့် ယူကရိန်း စေ့စပ် ညှိနှိုင်းရေးမှူးများကို အယုံအကြည်မရှိကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

“ယူကရိန်းအစိုးရသည် အမှီအခိုကင်းစွာဖြင့် ဆောင်ရွက်နေခြင်းမဟုတ်သော်လည်း ပြည်ပထိန်းချုပ်မှု ခံနေရ ကြောင်း၊ ဆွေးနွေးပွဲများ၌ ကိယက်ဗ်အစိုးရ၏ကိုင်တွယ်ပုံများမှာ ဆပ်ကပ်ဆန်ဆန် ဖြစ်နေကြောင်း၊ ယူကရိန်း အာဏာပိုင်များ၏ရပ်တည်ချက်မှာလည်း မတည်ငြိမ်ကြောင်း” ရုရှားနိုင်ငံခြားရေး ပြောခွင့်ရသူအမျိုးသမီးဖြစ်သူ မာရီယာဇာခါရိုဗာက သုံးသပ်ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက် စစ်ရေးပဋိပက္ခစတင်ချိန်ကတည်းက ရုရှားနှင့် ယူကရိန်းတို့သည် အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်လျက် လူချင်းတွေ့ဆုံမှုနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုများကို အကြိမ်ကြိမ် ပြုလုပ် ခဲ့ကြသည်။

မတ်လ ၂၉ ရက်တွင် နှစ်ဘက်စေ့စပ်ညှိနှိုင်းရေးမှူးများ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ ဆွေးနွေးမှု များသည် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်လာကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဧပြီ ၁၂ ရက်တွင် ကောက်ချက်ချခဲ့သည်။

ခရိုင်းမီးယားနှင့် ဒွန်ဘတ်စ်သမ္မတနိုင်ငံများကို သီးခြားအသိအမှတ်ပြုရန်အတွက် ရုရှား၏အဓိက တောင်းဆိုချက် များကို ဖြည့်ဆည်းရန် ယူကရိန်းက ပယ်ချခဲ့ကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့သည်။

Source: အာရ်တီသတင်းဌာန