CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၉

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီးတွင် တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး နှစ်ဖက် စစ်ရေးတင်းမာနေသည့် အခြေအနေရှိကြောင်း၊ သို့သော် ထိုးစစ်ဆင်လာမည့် အခြေအနေကို မတွေ့ရကြောင်း KIA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “လောလောဆယ်ကတော့ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်မှာတော့ ထိုးစစ်ဆင်တဲ့ အနေအထားမျိုး လောက်တော့ မတွေ့ရဘူး၊ ဒါပေမယ့် သူတို့ရဲ့ ရိက္ခာပို့တာတွေ စစ်လက်နက် တင်ပို့တာနေမှာပေါ့၊ တပ်အလဲအလှယ်တွေ နေ မှာပေါ့၊ ကျနော်တို့ ပတ်ဝန်းကျင်မှာ နန့်ဆန်ယန်တို့၊ ဂမ်တောင်ယန်တို့ ၊ ဒီ မြစ်ကြီးနား-ဗန်းမော်ကားလမ်း အဲဒီဘက်မှာ နည်း နည်း လှုပ်ရှားတာကိုတော့ တွေ့ရပါတယ်၊ အင်အားနဲ့ ပြောမယ်ဆိုရင်တောာ့ ၂၀၀၊၃၀၀ ဝန်းကျင်လောက်ပေါ့၊ သွားလိုက် လာ လိုက်၊ ဟိုဘက်သွားလိုက် ဒီဘက်လာလိုက် တချို့တွေနည်းနည်း သွားတာလည်း တွေ့ရပါတယ်၊ ဂမ်ဒေါင်ယန် ကနေတော့ နန့်ဖို့ဘက်ကို သူတို့ ရိက္ခာပို့ဖို့ နည်းနည်း အစီအစဉ်ရှိတဲ့ ပုံစံရှိပါတယ်၊ တချို့နေရာမှာ လမ်းတွေ ပြန်ပြင်နေတာတို့ အဲဒါလည်း တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပူတာအိုမြို့နယ် ရှိန်ဂတ်ဘွမ်တောင်၌ KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် တပ်မတော်ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ထို့နောက် လေကြောင်းမှ လာရောက် တိုက်ခိုက်မှုများရှိသည့်အတွက် စက်သုံးဆီနှင့် ကုန်တင် ယာဉ်များ ဖြတ်သန်း သွားလာခွင့် ပိတ်ထားခဲ့ရကြောင်း သိရသည်။

သို့သော် လက်ရှိတွင် တိုက်ပွဲပြန်လည် လျော့နည်းလာကြောင်း၊ စက်သုံးဆီနှင့်ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ကိုလည်း ပြန်လည် ခွင့်ပြုပေးထားကြောင်း သိရသည်။

KIA နဲ့ တပ်မတော် ကိုယ်စားလှယ်များကိုတွေ့ရစဉ်

ဗိုလ်မှူးကြီးနော်ဘူက “ပူတာအိုဘက်မှာ ထူးထူးခြားခြား မတွေ့ရပါဘူး၊ စစ်ကြောင်းတွေ စစ်ဆင်ရေးလုပ်ဖို့ တက်လာတဲ့ စစ်ကြောင်းလောက်တော့ ကျနော်တို့ မတွေ့ပါဘူး၊ လီဒိုလမ်းဘက်မှာလည်း အဲဒီလိုပါပဲ၊ ဖားကန့်လမ်းနဲ့ လီဒိုလမ်း ပတ်ဝန်း ကျင်မှာ သူတို့ တပ်တွေ နည်းနည်းပါးပါး လှုပ်ရှားနေတာလောက်တော့ တွေ့ပါတယ်၊ အင်အားကြီးနဲ့ ထိုးစစ်ဆင်တဲ့ ပုံစံမျိုး တော့ အခုထက်ထိ မတွေ့ရသေးပါဘူး၊ ဒါပေမယ့် ဒါကလည်း ကျနော်တို့က စုံစမ်းနေဆဲ ဖြစ်ပါတယ်၊ လောလောဆယ်က အဲဒီလောက်ထိပဲ တွေ့ထားပါတယ်၊ အချင်းချင်းကတော့ စောင့်ကြည့်နေတာပေါ့၊ စောင့်ကြည့်နေတယ်ဆိုတာက ပုံမှန် လှုပ် ရှားတာထက် နည်းနည်း ကျော်လာလို့ရှိရင်တော့ ထိတွေ့ ရင်ဆိုင်တိုက်ပွဲတွေကတော့ ဖြစ်မှာပေါ့၊ အဲဒီလိုတော့ ရှိပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပူတာအိုမြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့သော တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ကြောင့် ဆွန်ပီယန်၊ အင်စီယန် အစရှိသည့် ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း၊ ယခု မတ်လ ကုန်ပိုင်းတွင် ထိုတိုက်ပွဲရှောင်များ နေရပ်သို့ ပြန်လာနိုင်ခဲ့ကြောင်း သိရသည်။

ပူတာအိုမြို့ ဒေသခံတစ်ဦးက “အခုလောလောဆယ် ပူတာအိုဘက်မှာတော့ တိုက်ပွဲတော့ သိပ်မကြားရသေးဘူး၊ ဖားကန့်တို့ မံစီတို့ ဘက်တွေမှာပဲ တိုက်ပွဲဖြစ်နေတာ ကြားရတယ်ပေါ့၊ ဒီဘက်ကတော့ နည်းနည်းငြိမ်နေပေမယ့် စစ်ရေးတင်းမာမှုရှိတယ်၊ စိုးရိမ်မှုတွေကတော့ ရှိတာပေါ့”ဟု ပြောသည်။

မြစ်ကြီးနား- ပူတာအို လမ်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့ကာ ပူတာအိုမြို့တွင်း စက်သုံးဆီ ရှားပါးမှု အခြေအနေများ ကြုံတွေ့ခဲ့ရသေးသည်။