CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၄

မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်အနှံ့ ၎င်းတို့၏ တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်ခဲယမ်းများကို စစ်သင်္ဘော၊ စစ်ကား၊ စစ်ရဟတ်ယာဉ် အပါအဝင် အရပ်ဖက်သုံး ခရီးသည်တင် လေယာဉ်၊ ကား၊ မော်တော် ဘုတ်၊ အမြန်ရေယာဉ်များဖြင့် အင်အားဖြည့်တင်းနေခြင်းကြောင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ရက္ခိုင့်တပ် တော်(AA)က စက်တင်ဘာ ၁၄ ရက်တွင် အရေးပေါ် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မိမိတို့ ရက္ခိုင့်တပ်တော်အနေဖြင့် ၎င်းတို့သွားလာနေကြသည့် လမ်းကြောင်းများတွင် ပြေးဆွဲနေကြသော ကုန်းလမ်း၊ ရေလမ်း ယာဉ်များအားလုံးကို စစ်ရေးအခြေအနေ လိုအပ်ချက်အရ ရပ်တန့်ခိုင်း ၍ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဖော်ပြထားသည်။

AA က “ စစ်ကောင်စီသည် ယခင်ရက်သတ္တပတ်များအတွင်း ၎င်းတို့ဆုံးရှုံးခဲ့ရပြီး မိမိတို့ တပ်စွဲစခန်းချထားသော နေရာများဖြစ်သည့် ရခိုင်-ဘင်္ဂလားနယ်စပ်အနီး မိုင်တိုင်အမှတ် ၄၀ စခန်းနှင့် ခမရ ၃၅၂ တပ်ရင်း စခန်းကုန်း များအပြင် ပလက်ဝဒေသ အပါအဝင် အခြားသော နေရာအချို့ကိုလည်း ဂျက်တိုက်လေယာဉ်၊ လက်နက်ကြီး ပစ်ကူ အမြောက်အမြားဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကာလလည်းဖြစ်သည်။ ရခိုင်နှင့် ပလက်ဝ ဒေသအတွင်း စစ်ရေးတင်းမာမှု၊ တိုက်ပွဲဖြစ်ပွားမှုများ ပြင်းထန်လာခြင်းနှင့်အတူ နောက်ထပ် တိုက်ပွဲများ နေရာ အနှံ့ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်သောကြောင့် မိမိတို့အနေဖြင့် ယခုကဲ့သို့ ကုန်းလမ်း၊ ရေလမ်း၊ ခရီးသွား လာမှုများကို ကန့်သတ် စစ်ဆေးရခြင်းဖြစ်သည်”ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

 

AA ၏ အရေးပေါ် ကြေညာချက်ကိုတွေ့ရစဉ်

ထို့ကြောင့် ကုန်းလမ်း၊ ရေလမ်း သယ်ယူပို့ဆောင်ရေးကို ပြုလုပ်နေကြသော ယာဉ်ပိုင်ရှင်များ အနေဖြင့် ရခိုင် ပြည်သူ့အစိုးရ၏ ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်ရေးရုံး၊ နယ်မြေရုံးများတွင် သတင်းပို့၍ သွားလာကြရန်နှင့် စစ်ဆေးမှုများကို ကြည်ဖြူစွာခံယူကြရန် အသိပေးအပ်ပါသည်ဟု AA က ထုတ်ပြန်ခဲ့သည်။

မိမိတို့ထံ သတင်းမပို့ဘဲ သွားလာခြင်း မပြုလုပ်ကြရန်နှင့် သတင်းမပို့ဘဲ သွားလာ၍ တစ်စုံတစ်ရာ ပြဿနာဖြစ် ပေါ်ပါက ၎င်းသွားလာကြသူများ၏ တာဝန်သာ ဖြစ်ပါကြောင်း၊ လက်ရှိ စစ်ရေးတင်းမာနေမှုအပေါ် အခြေခံ၍ အရေးပေါ် ထုတ်ပြန်ကြေညာသည်ဟု AA ကပြောသည်။

AA သည် ရခိုင်-ဘင်္ဂလားဒေ့နယ်စပ် မှတ်တိုင် ၄၀ စခန်းကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်နေ့က လည်း ကောင်း၊ မောင်တောမြို့နယ်ထဲရှိ ခမရ ၃၅၂ စခန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၀ ရက်နေ့က လည်းကောင်း သိမ်းပိုက်ခဲ့ သည်။

ထို့နောက် မြန်မာ့တပ်မတော် တပ်စခန်းများ ပြန်လည် ရရှိရေးအတွက် ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင် တိုက်ခိုက် လျက်ရှိရာ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားနေသည်။