CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃

ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးက ဆုံးရှုံးသွားသည့် စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ ပြန်ယူမှာဖြစ်ကြောင်း ဖားကန့်ဒေသခံတစ်ဦးက CNI သတင်းဌာနကို ပြောသည်။

၎င်းက “အမှန်တော့ ကိုယ်တွေ ငယ်ကတည်းနဲ့ တစ်သက်လုံး မြင်တွေ့ရတာကတော့ စစ်တပ်က KIA စခန်းတွေ သိမ်း တယ်၊ သိမ်းပြီးရင် စစ်စခန်းထိုင်တာမှ မဟုတ်တာ၊ သူတို့က သိမ်းပြီးတော့ ပြန်ထွက်သွားတာချည်း။ ပြန် ထွက်သွားရင် KIA ပြန်ထိုင်တာပဲလေ။ အခုလည်း အဲဒီလိုပဲ နေမှာပါ စစ်တပ်က အဲဒီနေရာမှာ သွားမထိုင် နိုင်ပါ ဘူး။ မထိုင်နိုင်တော့ သူတို့တိုက်တယ်၊ တိုက်ပြီး ပြန်ဆုတ်သွားမှာပဲ၊ ပြန်ဆုတ်သွားရင် KIA က နေရာပြန်ယူမယ် ဒါပါပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် KIA ၏ စခန်းနှစ်ခုကို တပ်မတော်နှင့် ပြည်သူ့စစ်များက ခြေလျင်ထိုးစစ်ဆင်ကာ လေကြောင်းပစ်ကူဖြင့် တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ်အဖွဲ့ကိုတွေ့ရစဉ်

အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သည့် ဟူးကောင်းဒေသတွင် ရွှေနှင့် ပယင်းများ ထွက်ရှိပြီး စီးပွားရေးအရ အချက်အချာ ကျသော ဒေသဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီး တပ်စခန်းသိမ်းခံရခြင်းနှင့် ပတ်သက်၍ KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူထံ ဖုန်း ဆက်သွယ် မေးမြန်းခဲ့သော်လည်း အပြင်ရောက်ရှိနေသည့်အတွက် လက်ခံဖြေကြားနိုင်ခဲ့ခြင်း မရှိကြောင်း ပြော သည်။
ပြည်သူ့စစ်များ အနေဖြင့် တပ်မတော်နှင့် ပူးပေါင်းနေ၍ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း KIA က ပြောသလို KIA သည်လည်း ရပ်ရွာကို ဒုက္ခပေးနေ၍ ပြည်သူ့စစ်များက ခုခံတိုက်ခိုက်ရခြင်းဖြစ်ကြောင်း အပြန်အလှန် ပြောဆိုနေ ကြောင်း ဖားကန့်ဒေသခံများက ပြောသည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့က KIA ရဲ့ ဒွန်ဘန်တိုက်နယ် စခန်းတစ်ခုကို တပ်မတော်နဲ့ ပြည်သူ့စစ်အဖွဲ့က သိမ်းခဲ့စဉ်

ဖားကန့်ဒေသခံတစ်ဦးက “ ဒါငါ့နယ်မြေ၊ သူ့နယ်မြေ၊ ဒါဟာ ငါ့စားကျက်၊ သူ့စားကျက် ဒီလိုတွေနဲ့ပဲ သွားနေကြ ဦးမယ်ဆိုရင် ဒို့နိုင်ငံကြီးကတော့ ငြိမ်းချမ်းရေးလည်း အလှမ်းဝေးနေဦးမှာပဲ၊ ဒေသကြီး ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း ဝေးနေဦးမှာပဲ။ မေတ္တာရပ်ခံချင်တာက‌တော့ ပြည်သူတွေ ဒုက္ခမရောက်အောင် အေးအေးချမ်းချမ်းလေး၊ ငြိမ်းငြိမ်း ချမ်းချမ်းနေကြမယ်၊ သူ့စည်းကိုယ့်စည်းပေါ့။ သူ့စည်းကိုယ့်စည်း စောင့်ပြီးနေကြမယ်ဆိုရင်တော့ ပြဿနာတွေက ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ အခုက စည်းတွေ မစောင့်ကြဘူး။ ခုနပြောသလိုပေါ့ သူ့နယ်မြေ ကိုယ့်နယ်မြေ သူ့ဒေသ ကိုယ့်ဒေသ ခုနပြောတဲ့ ရလိုမှုတွေ ရလိုမှုနောက်မှာ လက်နက်ကိုင်တဲ့ လမ်းစဉ်တွေ ပေါ်လာတယ်၊ အဲဒီ လက်နက်ကိုင်တဲ့ လမ်းစဉ်တွေ ပေါ်လာတော့ သေနတ်က ကျည်ဆံပဲ ထွက်တယ်၊ ပန်းမထွက်တော့ သေကြ၊ ကြေကြ သွေးစွန်းကြတာပေါ့။ အဲဒါမျိုးတွေကတော့ ကိုယ်တို့ ဒေသမှာကတော့ အရင်ငယ်ကတည်းက မြင်ဖူးနေရ တာ ဘယ်အချိန် နိဂုံးချုပ်ကြမလဲဆိုတာပဲ မျှော်လင့်နေရတာပေါ့လေ” ဟု ပြောသည်။

ဟူးကောင်းဒေသတွင် ရှဒူးဇွပ်ပြည်သူ့စစ်နှင့် KIA တို့အကြား မကြာခဏ စစ်ရေးတင်းမာမှုရှိခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းထွက်ရှိသော ဖားကန့်ဒေသနှင့် ရွှေ၊ ပယင်းများ ထွက်ရှိသည့် တနိုင်းဒေသများတွင် KIA နှင့် ပြည်သူ့စစ်တို့အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။