CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၆

ရက္ခိုင့်တပ်တော်(ULA/AA)အနေဖြင့် မြေပြင်မှာ မိမိလုပ်ချင်သလို လုပ်ဆောင်နေပါက ပြဿနာ ပိုကြီးလာလိမ့်မည်ဖြစ် ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်မှာ AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ဌာနများကို တပ်မတော်ဘက်မှ အနှောင့်အယှက် ပေးလာနေ ကြောင်း ဧပြီ ၅ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားခဲ့ သည်။

ဦးသိန်းထွန်းဦးက “လူတွေက သွားချင်တာ ဖက်ဒရယ်ပေါ့၊ ဖက်ဒရယ်ရဲ့ အနှစ်သာရက ဘယ်လိုပုံစံလဲ၊ ဘယ်လို ပေါင်းစပ် မလဲဆိုတာ အဲဒါတွေ ဘာမှ မညှိနှိုင်းရသေးဘဲနဲ့ ငါတို့ဒေသမှာ ငါတို့ စိတ်ကြိုက်ပုံစံမျိုး လုပ်မယ်ဆိုတော့ လက်ရှိ မြန်မာနိုင်ငံ က လက်ခံကျင့်သုံးနေတဲ့ တည်ဆဲဥပဒေရှိတယ်၊ အဲဟာတွေနဲ့ ကိုက်ညီပြီလား။ လောလောဆယ် ၂၀၀၈ က ပြင်တာ ဆင်တာ တွေ နောက်ပိုင်း အသာထား၊ လောလောဆယ် လက်ရှိ ၂၀၀၈ က ပြဋ္ဌာန်းထားတဲ့ အောက်ထဲမှာပဲ ရှိနေသေးတာကို အဲဒါ အပြင် တည်ဆဲဥပေဒတွေ ရှိတယ်၊ အဲဒါတွေနဲ့ မကိုက်ညီဘဲနဲ့ ကျော်လွန်ပြီး လုပ်တဲ့ဟာမျိုးတွေ ရှိလာရင်တော့ ပြဿနာ တော့ ကြီးမှာပဲလေ၊ အဲတာကို ဘယ်လိုပေါင်းစပ်မလဲ၊ တစ်ဖက်ကရော ပေါင်းစပ်ဖို့ ဆိုလိုတာက ဟိုပေါ့ ဖက်ဒရယ်ပြောနေ တယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရချင်တယ်၊ ဒါပေမဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတယ်ဆိုတာထက် ကျော်လွန်တဲ့ အဆင့်ကို သူတို့ စဉ်းစားထားသလား၊ အဲဒီအပိုင်းတွေမှာ မီးမောင်းထိုးစရာအများကြီး ဖြစ်နေတယ်၊ ကျနော်တို့ လောလောဆယ် သုံးသပ် မိသလောက်ပေါ့နော် စားပွဲဝိုင်းဆွေးနွေးပွဲ သိပ်မရှိပဲနဲ့ မြေပြင်မှာ ကိုယ်လုပ်ချင်သလို လုပ်နေရင်တော့ ပြဿနာတော့ ပိုကြီးလာပါလိမ့်မယ်၊ အဲတော့ သေချာတာက ဒီငြိမ်းချမ်းရေးသည် စားပွဲဝိုင်းတောင်မှ အပေါ်မရောက်နိုင်ပဲနဲ့ နောက်ပိုင်း ဒီထက်ပိုဆိုးတဲ့ အခြေအနေ တစ်ခုကို ဦးတည်သွားနိုင်ကောင်း သွားနိုင်တယ်ဗျ၊ အဲဒါတော့ ကျနော်တို့ နည်းနည်းစိုးရိမ်ရတဲ့ အနေအထားပေါ့လေ” ဟု ပြောသည်။

ULA/AA ပြန်ကြားရေးတာ၀န်ခံ ဦးခိုင်သုခ

လက်ရှိတွင် ULA တရားရေးဌာနမှာ အမှုတိုင်ကြားထားသည့် အမှုသည်များကို တပ်မတော်ဘက်မှ ခေါ်ယူကာ ၎င်းတို့ တရားရေးများတွင် တိုင်းကြားရန်၊ ULA တရားရုံးတွင် တိုင်ကြားပါက ဥပဒေအရ အရေးယူမည်ဟု ပြည်သူများကို တပ်မတော်က ပြောထားကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက “ကျနော်တို့၏ အုပ်ချုပ်ရေး၊ တရားရေးဌာနတို့မှာ စစ်ကောင်စီဖက်က အနှောင့်အယှက် ပေးနေတာတွေ ရှိလာ ပါတယ်။ တရားရေး ကဏ္ဍမှာဆိုရင် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်တို့မှာရှိတဲ့ တရားရုံးတွေနားမှာ စစ်ကောင်စီက ဝင် ရောက် ရှာဖွေ စစ်ဆေးတာတွေ၊ တရားရုံး စိုက်ထားတဲ့ အနီးနားမှာ စစ်ကြောင်း လှုပ်ရှားလာပါတယ်၊ ULA တရားရေးဌာနမှာ အမှုတိုင်ထားတဲ့ အမှုသည်တွေကို ခေါ်ပြီးတော့ သူတို့တရားရုံးမှာ တိုင်ကြားဖို့ ULA တရားရုံးမှာ တိုင်ရင် ဥပဒေအရ အရေးယူ ဖို့ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်နေတာတွေ ရှိပါတယ်၊ ကျနော်တို့ အနေနဲ့ စကစဖက်က ဒီလိုမျိုး ဆက်တိုက် လုပ်နေတာ ကို အထူးသတိထား စောင့်ကြည့်နေပါတယ်၊ သည်းမခံနိုင်တဲ့ အနေအထားမှာ ထိပ်တိုက် တွေ့မှုတွေ ဖြစ်ပွားလာနိုင်ပြီး ရခိုင် မှာ စစ်ပွဲတွေ ဆက်တိုက် ဖြစ်လာနိုင်ပါတယ်၊ အဲဒါကြောင့် တရားရေးလုပ်ငန်းတွေမှာ ကြန့်ကြာမှုတွေ ဖြစ်နေတာ ဖြစ်ပါ တယ်၊ စစ်ကောင်စီဖက်က အဲဒီခြိမ်းခြောက် ဖိအားပေးမှုတွေကို လုပ်နေခဲ့ရင် ရခိုင်ပြည်သူတွေ အနေနဲ့ ULA တရားရုံးတွေနဲ့ အွန်လိုင်းတွေမှာ ပုံမှန်အတိုင်း အမှုတွေကို ဆက်လက် တိုင်တန်းလို့ ရှိခဲ့ရင်လည်း ULA တရားစီရင်ရေး လုပ်ငန်းမှာ လျော့ကျ လာခြင်း မရှိအောင် ကြိုးစားရင်း လိုအပ်သည်ကို စီမံလည်ပတ် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တရားဝင် အသိအမှတ်ပြုသည့် ကာလမဟုတ်သေးကြောင်း၊ သဘောတူ လက်မှတ်ရေးထိုးထားသည်မှာလည်း မရှိသေးသည့်အတွက် လက်နက်ကိုင်ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောသည်။

AA တပ်ဖွဲ့ကိုတွေ့ရစဉ်

ဦးရဲထွန်းက “တရားဝင်မှ မဖြစ်သေးတာ အစိုးရနဲ့က တရားဝင် ဖက်ဒရယ်စနစ်၊ အုပ်ချုပ်ရေးစနစ်ဆိုတာတွေ အစိုးရက တည်ဆဲအခု အစိုးရက အတည်ပြုပြီးမှသာလျှင် သူတို့ AA ရဲ့ တရားစီရင်ရေး ကိစ္စတွေ၊ အုပ်ချုပ်ရေးကိစ္စတွေက တရားဝင် ဖြစ်မှာပေါ့၊ အဲဒီအချိန်ကျတော့မှသာလျှင် ဗဟိုအစိုးရက ဝင်ရောက် စွက်ဖက်တယ်၊ တပ်မတော်က ဝင်ရောက် စွက်ဖက်တယ် ဆိုလို့ရှိရင် အဲဒါကို ဝင်ရောက် စွက်ဖက်တယ်၊ ဒီအခြေခံဥပဒေကို ဖောက်ဖျက်တယ်ဆိုတာမျိုး ပြောလို့ရမှာပေါ့၊ အခု လော လောဆယ်ကတော့ တရားဝင် အသိအမှတ် နှစ်ဖက်ပေါ့ဗျာ၊ တရားဝင် အသိအမှတ်ပြုတဲ့ ကာလမဟုတ်သေးတော့ NCA တွေ ဘာတွေ လက်မှတ်ထိုးထားတာမျိုးလည်း မဟုတ်သေးတော့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တာပေါ့၊ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ပြီးတော့ ပြင်းပြင်းထန်ထန် ပြန်ဖြစ်နိုင်တာပေါ့နော်၊ ဟိုတလောကတော့ လက်နက်ကိုင်ပဋိပက္ခ ခဏယာယီ ရပ်နားထား တာပဲ ရှိတာကိုး၊ ဒီဟာကို စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းမှု မလုပ်နိုင်ရင် ဒါမှ မဟုတ်ရင်လည်း NCA လက်မှတ် ထိုးသလို ထိုး ပြီးတော့ ဆောင်ရွက်မှုတွေ မလုပ်နိုင်လို့ရှိရင်တော့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပုံစံမျိုး နိုင်ငံရေးအဆင့်အတန်းကို မျှော်မှန်းထားကြောင်း ULA/AA က ထုတ်ဖော် ပြောကြားထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ULA/AA နှင့် တပ်မတော်တို့အကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတို့တွင် လက်နက်ကိုင်ပဋိပက္ခများ လုံးဝရပ်တန့်ခဲ့သည်။

တပ်မတော်မှ ULA/AA ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်က ထုတ်ပြန် ကြေညာ ခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ တချို့ကို ပြန်လွှတ်ပေးခဲ့သည်။