CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ရက္ခိုင့်တပ်‌တော် (ULA/AA)၏ တစ်ဖက်သတ် စွပ်စွဲမှုမှာ ငြိမ်းချမ်းရေးကို အထောက်အကူ မပြုကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြန်မာ့တပ်မတော်က ဖမ်းဆီးထားသည့် AA အဖွဲ့ဝင်များကို ပြန်လည်စေလွှတ်မှု မရှိကြောင်း ULA/AA က တစ်ဖက်သတ် စွပ်စွဲထားကြောင်း၊ ငြိမ်းချမ်းရေးကို ‌ရှေ့ရှုပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ULA/AA အနေနဲ့ သူတို့ဆီကနေ ဖမ်းဆီးထားတဲ့ လူတွေကို ကျနော်တို့အနေနဲ့ လွှတ် မပေးဘူးဆိုတဲ့ဟာ တစ်ဖက်သတ် စွပ်စွဲတာမျိုးတွေ တွေ့ရတယ်၊ ကျနော်တို့ အစိုးရအနေနဲ့က ULA/AA နဲ့ ပတ်သက်ပြီးလို့ရှိရင် ကျနော်တို့ အစိုးရလက်ထက်မှာလည်း NCA ၆ နှစ်ပြည့်မှာ ၆၁ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးခဲ့တယ်၊ ပြီးရင် စိန်ရတုပြည်ထောင်စုနေ့မှာ ၄၆ ဦး တစ်သုတ် ကျနော်တို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့တယ်၊ ပြီးရင် အမျိုးသားနေ့မှာ ၁၇ ဦး တစ်သုတ်၊ ၁၂၅ ဦးတစ်သုတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပြီး ဖြစ်ပါတယ်၊ သူ တင်မကပါဘူး၊ ကျနော်တို့ KIA၊ KNU၊ MNDAA၊ RCSS၊ SSPP၊ TNLA အဲဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ တရားစွဲ ဆိုခံထားတဲ့ လူတွေကို ကျနော်တို့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ပါတယ်၊ စုစုပေါင်း ၂၀၅ ဦးရှိပြီး ဖြစ်ပါတယ်၊ ဒီအချက်အလက်တွေ အမှန်တကယ် ရှိပြီးဖြစ်တဲ့ဟာတွေ အချက်အလက်တွေကို မျက်ကွယ်ပြုပြီး ဒီလိုမျိုး တစ်ဖက်သတ် စွပ်စွဲပြောဆိုတာဟာ ငြိမ်းချမ်းရေးအတွက် အထောက်အကူ မပြုဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

အဆိုပါ ကိစ္စများကို မြန်မာ့တပ်မ‌တော်နှင့် ULA/AA တို့ ညှိနှိုင်းဖြေရှင်းပါက ပြေလည်သွားမည်ဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

 AA ခေါင်းဆောင်များကိုတွေ့ရစဉ်

၎င်းက “ဒီဖက်က သူတို့ အပြန်အလှန် ၂ လအတွင်းမှာ လွှတ်ပေးရမယ်ဆိုပြီးတော့ ကတိကဝတ်တွေရှိတယ် ဆိုပြီးတော့ သတင်းစာ ရှင်းလင်းပွဲမှာ ဦးခိုင်သုခပြောတာ ကြားလိုက်တယ်၊ အဲဒီ ၂ လအတွင်းမှာ သူတို့ အပြန် အလှန် လွှတ်ပေးဖို့ လိုတယ်ပေါ့နော်၊ ဘယ်သူ့ဖက်က မလွှတ်ပေးဘူးလဲဆိုတာတော့ သူတို့အချင်းချင်း သိမှာပေါ့၊ ဒါပေမယ့် ဦးခိုင်သုခ ပြောတာကတော့ အခု ၁၇ (၁)၊ (၂) အပြစ်တွေနဲ့ တရားရုံးတွေမှာ ရောက်နေကြတယ်ပေါ့၊ အဲဒါတွေကို လွှတ်ပေးဖို့ တာဝန်ရှိတယ်၊ ၁၇ (၁) ဆိုတာ မတရားအသင်း ဆက်သွယ်မှုပေါ့၊ မတရားအသင်း ဆက်သွယ်မှုဆိုတာ ULA/AA နဲ့ ဆက်သွယ်တဲ့ လူတွေပေါ့နော်၊ အဲဒီလူတွေကို မလွှတ်ပေးတာဟာ စစ်ကောင်စီ ဖက်က ကတိကဝတ်အတိုင်း အကောင်အထည်ဖော်ဖို့ နှောင့်နှေးတယ်ဆိုတဲ့ သဘောမျိုးပေါ့၊ အဲဒီလို ပြောတယ် ဆိုတဲ့သဘော ကျနော်တို့ သိတယ်၊ ဆို‌တော့ အမှန်တကယ် သူတို့လက်ထက်မှာ ဒီလူတွေ ရှိ/မရှိပေါ့‌နော်၊ စစ်ဆေး လိုက်ပေါ့၊ ရှိတယ်ဆိုရင်တော့ သူတို့ ကတိကဝတ်အတိုင်း လွှတ်ပေးရမှာပေါ့၊ အပြန်အလှန်ပေါ့နော်၊ အဲဒီလိုက ဒါက ဖုံးကွယ်လို့ရတဲ့ ကိစ္စမဟုတ်ဘူး။ လက်တွေ့ကျကျ ဖြေရှင်းမယ်ဆိုရင် ဖြေရှင်းလို့ရတယ်၊ ဥပမာဆိုပါတော့ အခုလို ဗိုလ်ချုပ်ဇော်မင်းထွန်းဖက်က အဲဒီလို မရှိဘူးလို့ ငြင်းရင် ဒီဖက်နဲ့ ညှိလိုက်ပေါ့၊ ဘယ်သူဘယ်သူလဲဆိုတာ အဲဒါဆို အဖြေပေါ်မယ့်ကိစ္စလေ၊ အဲဒီလို အဆက်အသွယ်မရှိပဲ Contacts မရှိဘဲ တရားရုံးတွေမှာ ၁၇ (၁)၊ (၂) မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ ဖွင့်ထားတယ်ဆိုပြီးတော့ သတင်းထောက်က မေးတဲ့အပေါ်မှာ ဖြေတဲ့ ကိစ္စဆိုတော့ ဟုတ်မဟုတ်ကို သူတို့ အချင်းချင်း ညှိနှိုင်းလို့ ပြောလိုက်ရင် ပြေလည်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်ခုကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ ULA/AA နှင့် ပတ်သက်ဆက်ဆံမှု မပြုလုပ်ရန်၊ ထောက်ပံ့မှု မပေးရန် ဒေသခံ များကို မြန်မာ့တပ်မ‌တော်မှ ဖိအားပေးပြောဆိုနေခြင်းမှာ တိုက်ပွဲကို ဦးတည်နေကြောင်း သတင်းစာ ရှင်းလင်းပွဲ တွင် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်မှာ ယခင်ကတည်းက ရှိပြီးဖြစ်သည့် လုံခြုံရေး အင်အားများအတိုင်း ရှိနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

၎င်းက “နောက်တစ်ခုကတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်လို့ ကျနော်တို့ စစ်အင်အားတွေ တိုးချဲ့နေတယ်ဆိုတဲ့ ပြောဆိုချက်မျိုးတွေလည်း ရခိုင်ပြည်သူလူထုကို ထင်ရောင်ထင်မှားဖြစ်အောင် ကျနော်တို့ ဆောင်ရွက်နေတာမျိုး ရှိပါတယ်။ တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာ ယခင်ကတည်းက ရှိပြီးဖြစ်တဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ရှိနေတဲ့ အင်အားတွေအတိုင်းပဲ ကျနော်တို့ ရှိပါတယ်။ ပြည်သူလူထုရပ်ရွာ အေးချမ်းသာယာရေး ပြီးရင် ကျနော်တို့ ဌာနဆက်သွယ်မှု လုံခြုံစိုးမိုးရေးအတွက် လိုအပ်တဲ့ ကျနော်တို့ လုံခြုံရေး အင်အားကိုလည်း အသုံးပြုထားတာရှိ တယ်လို့ပဲ ပြောချင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့ ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ အတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက် ထား၍ နှစ်ဖက် အဖွဲ့အစည်းကြား နားလည်မှုယူကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။