အဒစ်ဘာဘာ၊ ဒီဇင်ဘာ ၇

အီသီယိုးပီးယားတပ်ဖွဲ့များသည် တီဂရာယန်သူပုန်များထံမှ မဟာဗျူဟာကျသော ဒက်ဆီနှင့် ကွန်ဘိုချာမြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး မကြာသေးမီက ဆုံးရှုံးခဲ့သော အစိုးရပိုင်နက် နယ်မြေကို ပြန်လည်သိမ်းယူနိုင်ခဲ့ခြင်း၏ နောက်ဆုံးသရုပ်လက္ခဏာဖြစ်ကြောင်း အစိုးရက ပြောသည်။

တီဂရာယန်ဟု ခေါ်ကြသည့် တီဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) နှင့် ပူးပေါင်းထားသော တပ်ဖွဲ့များ သည် ပြီးခဲ့သည့်တစ်လကျော်က အမ်ဟာရာဒေသရှိ မြို့များကို သိမ်းပိုက်ထားခဲ့ခြင်းဖြစ်သည်။

“သမိုင်းဝင်ဖြစ်တဲ့ ဒက်ဆီမြို့နဲ့ ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်းစင်္ကြန်မြို့ဖြစ်တဲ့ ကွန်ဘိုချာမြို့တို့ကို ကျနော်တို့ရဲ့ ရဲရင့်တဲ့ပူးပေါင်းလုံခြုံရေးတပ်တွေက လွတ်မြောက်စေခဲ့ပါပြီ” ဟု ဝန်ကြီး အေဘီအာမက်က ၎င်း၏နောက်ဆုံးရ ပိုက်နက်နယ်မြေသိမ်းပိုက်မှုအပြီး အစိုးရအနေဖြင့် တွစ်တာလူမှုကွန်ရက်တွင် လွှင့်တင်ပြောကြားထားသည်။

သူပုန်များသည် ကြီးမားသောဆုံးရှုံးမှုများနှင့် မိမိတို့ဘက်မှ မဟာမိတ်တပ်များ ထိုးဖောက်တိုက်ခိုက်မှုကို ထိန်း နိုင်ခြင်းမရှိကြောင်း အေဘီအာမက် ၏ပြောကြားချက်ကို အစိုးရပိုင် အီသီယိုးပီးယားအသံလွှင့်ကော်ပိုရေးရှင်းက ထုတ်လွှင့်ခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြသည်။ ယင်းထုတ်လွှင့်ချက်ထဲတွင် “ရန်သူသည် ထိုးနှက် ခံနေရပြီး ကျနော်တို့ အောင်ပွဲဆက်ရမည်” ဟု အေဘီအာမက်က ပြောကြားခဲ့သည်။

TPLF ပြောခွင့်ရသူ ဂီတာချောရီဒါထံသို့ သဘောထားမှတ်ချက် တောင်းခံခဲ့သော်လည်း ၎င်းက ချက်ချင်း တုံ့ပြန်ခြင်း မရှိပါ။

ပြီးခဲ့သည့် ဩဂုတ်လက တီဂရာယန်လက်နက်ကိုင်များထံ ကျရောက်သွားခဲ့သည့် ယူနက်စကိုအသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ်နေရာဖြစ်သော လာလီဘယ်လာမြို့ကိုလည်း အေဘီအာမက်လိုလားသော တပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း အစိုးရက ဒီဇင်ဘာ ၁ ရက်နေ့က ကြေညာခဲ့ပြီးဖြစ်သည်။

TPLF ၏ခေါင်းဆောင် ဒီဘရက်ရှင်းဂျီဘရီမိုက်ကယ်က ဒီဇင်ဘာ ၅ ရက်တွင် အစိုးရ၏အောင်ပွဲကြီးကြီးမားမား ရနေခြင်းကို ကြေညာချက် တစ်စောင်ထုတ်ပြန် ငြင်းဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် နယ်မြေစိုးမိုးရေးဆိုင်ရာ မဟာ ဗျူဟာပြုပြင်ပြောင်းလဲရေးလုပ်လျက် မရှုံးနိမ့်သေးကြောင်း ပြောကြားခဲ့သည်။

လန်ဒန်တက္ကသိုလ်မှ အကြီးတန်းသုတေသီ မာတင်ပလော့ (Martin Plaut) က ဒက်ဆီနှင့်ကွန်ဘိုချာကို ပြန်လည် သိမ်းပိုက်နိုင်ခြင်းသည် အလွန်အရေးကြီးသည့်အချက်ဖြစ်ကြောင်း အယ်လ်ဂျာဇီးယားသို့ ပြောသည်။

“တီဂရာယန်တပ်တွေကို အဝေးကြီး တွန်းပို့လိုက်ပြီဗျ။ သူတို့ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရတဲ့ မြို့ရွာကနေ ပြန်ပြီး တွန်းပို့တာ ခံလိုက်ရပါပြီ။ သူတို့ကို တိုက်ဖို့ အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရပါတယ်” ဟု ၎င်းက လန်ဒန်မြို့ မှနေ၍ Skype အဆက်အသွယ်ဖြင့် ပြောကြားခဲ့သည်။

အခြားတစ်ဖက်မှာလည်း အီသီယိုးပီးယားဆိုင်ရာ နိုင်ငံတကာအကျပ်အတည်းအရေး အကြီးတန်း လေ့လာ သုံးသပ်နေသူ ဝီလျံဒေဗီဆင်က “အီသီယိုးပီးယား၏ ဒရုန်းများ သုံးခြင်းနှင့် အမျိုးသားတပ်မတော်အတွက် လူသစ်စုဆောင်းခြင်းတို့မှာ တီဂရာယန်တပ်များအပေါ် ဖိအားတိုးလာစေကြောင်း” အယ်လ်ဂျာဇီယားသို့ ရှင်းပြသည်။

Source: Aljazeera