CNI International News

ဝါရှင်တန်၊ မေလ ၇

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ကျူးကျော်မှုဆန်ပြီး နယ်ချဲ့ဝါဒပုံစံ နယ်မြေပိုင်ဆိုင်ကြောင်း ကြေညာချက် များသည် တရားမဝင်ဘဲ နိုင်ထက်စီးနင်း ပြုကျင့်မှုဖြစ်ကာ ရန်လိုပြီးလှည့်စားသည့်သဘော သက်ရောက်သည်ဟု အမေရိကန်၏ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်၏ တပ်မှူးသစ်ဖြစ်သည့် ရေတပ်ဗိုလ်ချုပ်ကြီး ဆင်မြူယယ် ပါပါရို (Samuel Paparo) က ပြောကြားခဲ့ကြောင်း Nekkei Asia မှ ဖော်ပြခဲ့သည်။

တရုတ်၏ လုပ်ဆောင်ချက်များသည် အခြေအနေ ရေရာပြတ်သားမှု မရှိသည့် ဇုန် (Gray Zone) တစ်ခု ဖန်တီးနေ သော စံသတ်မှတ်ချက် အဆင့်ထက် ကျော်လွန်နေသည်ဟု ဗိုလ်ချုပ်ကြီး ပါပါရိုက တပ်မှူးရာထူးကို အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန် အကွီလင်နို (John Aquilino) ထံမှ လွှဲပြောင်းရယူသည့် အခမ်းအနားတွင် ပြောကြားခဲ့ သည်။

"ကျနော့် မိတ်ဆွေဖြစ်တဲ့ ဖိလစ်ပိုင်ဗိုလ်ချုပ်ကြီး ရိုမီယို ဘရော်နာ (Romeo Brawner) က gray zone ကို ICAD ဆိုပြီး အမည်ပြောင်းလဲခဲ့ပါတယ်။ အဲဒီအတိုကောက် စကားလုံးရဲ့ အဓိပ္ပာယ် အပြည့်အစုံကတော့ တရားမဝင်မှု၊ နိုင်ထက်စီးနင်း ပြုကျင့်မှု၊ ရန်လိုမှုနဲ့ လှည့်စားမှုဆိုတဲ့ စကားလုံးလေးလုံးကို ဖော်ပြတာဖြစ်ပါတယ်" ဟု ပါပါရိုက ဟာဝိုင်အီ (Hawaii) တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

အင်ဒို-ပစိဖိတ်ပေါ်မှာ စစ်စခန်းတစ်ခု တည်ဆောက်ထားသည်ကို တွေ့ရစဉ်

"ဒါက ဘာကိုပြသလဲဆိုရင် ကျနော်တို့  မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေရဲ့ ပညာဉာဏ်ရှိမှုကို ပြသရာ ရောက်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ရုရှား၊ မြောက်ကိုရီးယားနှင့် အခြား အစွန်းရောက် အဖွဲ့များကိုလည်း ICAD သတ်မှတ်ချက် အဆင့်ထဲတွင် ပါဝင်နေသည်ဟု ပါပါရိုက ပြောသည်။

ပါပါရိုသည် အမေရိကန်၏ တိုက်ပွဲဝင် စစ်ဌာနချုပ် ၆ ခုအနက် အရေးအကြီးဆုံး၊ သက်တမ်းအကြာဆုံးနှင့် အကြီးဆုံးဖြစ်သည့် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်၏ တပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။

ထိုဒေသသည် အမေရိကန်၏ ဟာဝိုင်အီကျွန်းမှ အိန္ဒိယအထိ လွှမ်းခြုံပါဝင်သည့် ကျယ်ပြန့်သော ဒေသဖြစ်ကာ အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်သည် တရုတ်ကို ဟန့်တားရန် အဓိက တာဝန်ယူဆောင်ရွက်သည့် ဌာနချုပ်ဖြစ်သည်။

"ကျနော်တို့ရဲ့ မိတ်ဖက်တွေနဲ့အတူ အင်ဒို-ပစိဖိတ်ဌာနချုပ်ဟာ နိုင်ငံတကာ စည်းမျဉ်းအခြေပြု အခင်းအကျင်း ကြောင့် ဖြစ်ပေါ်လာတဲ့ ငြိမ်းချမ်းရေးကို ချိုးဖျက်မယ့် အားထုတ် ကြိုးပမ်းမှုတွေကို ကာကွယ်သွားမှာ ဖြစ်ပါတယ်" ဟု ပါပါရိုက ပြောကြားခဲ့သည်။

Source: Nikkei Asia