CNI News

၂၀၂၄ ခုနှစ်၊ မေလ ၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း နေထိုင်၍ ကျားဖြန့်လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ တွင် လုပ်ကိုင်နေသော နိုင်ငံခြားသားများ အပါအဝင် တရားမဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများ အားလုံး အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ထုတ်ကြရန် ကရင်အမျိုးသားတပ်မတော်(KNA/BGF)က အမိန့်ထုတ်ခဲ့သည်။

မြဝတီမြို့နယ်အတွင်းနှင့် ရွှေကုက္ကိုလ်မြို့နယ်အတွင်းမှာ ကျားဖြန့်လုပ်ကိုင်သူများနှင့် အွန်လိုင်းလောင်းကစား လုပ်သူများကို ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ခွာကြရန် KNA/BGF က ထုတ်ပြန်သည့် စာကို ဗွီနိုင်းထုတ်၍ ကြေညာထားသည်။

အဆိုပါ စာထဲတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဒေသတစ်ဝိုက်ရှိ အွန်လိုင်းလုပ်ငန်း ဆောင်ရွက်နေကြသော နိုင်ငံခြားသားများအားလုံး ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်နေ့အတွင်း ထွက်ခွာပေးရမည် ၊ တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်ရောက်ရှိလာသော နိုင်ငံခြားသားများသည် မိမိတို့လာရာလမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာပေးရမည်၊ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု ဖော်ပြထားသည်။

တရုတ်အစိုးရ ကျားဖြန့်လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစား လုပ်ငန်း လုပ်ကိုင်သူများ အပါအဝင် လက်ခံထား သူများကိုပါ ဖမ်းဆီး အရေးယူပေးရန် မြန်မာဘက်ကို ဖိအားပေးလျက်ရှိနေသည်။

ထို့နောက် UWSA ထိန်းချုပ်နယ်မြေနှင့် ကိုးကန့်ဒေသ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ လူပေါင်း ထောင်ချီ ဖမ်းဆီးခံခဲ့ရပြီး တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့ရသည်။

အလားတူ မြဝတီမြို့နယ်နှင့် ရွှေကုက္ကိုလ်မြို့နယ်အတွင်းမှာလည်း ကျားဖြန့်နှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းများ ရှိနေခြင်းကို အရေးယူပေးရန် မြန်မာဘက်ကို တရုတ်က တောင်းဆိုထားသည်။

ထို့ကြောင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)ဖြစ်သည့် ကရင်အမျိုးသားတပ်မတော်(KNA)က ကျားဖြန့် နှင့် အွန်လိုင်းလောင်းကစား လုပ်ငန်းမှာ ပါဝင်ပတ်သတ်နေသူများ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ထွက်ကြရန် သတိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။