CNI International News

နယူးဒေလီ ၊ မေလ ၆

အိန္ဒိယသည် ပြည်ပနိုင်ငံခြားသားများကို မနှစ်သက်သည့်နိုင်ငံဖြစ်သည်ဟု ပြောဆိုခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden)၏ မှတ်ချက်စကားများကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာ (S Jaishankar)က ငြင်းပယ်ခဲ့သည်ဟု Times of Oman မှဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံသည် မတူညီသော လူ့အဖွဲ့အစည်းများကို လှိုက်လှဲစွာကြိုဆိုပြီး ပွင့်လင်းစွာ ဆက်ဆံသည့် နိုင်ငံဖြစ်သည်ဟု ဂျိုင်ရှန်ကာက အလေးပေး ပြောကြားခဲ့သည်။

Economic Times သတင်းနှင့်အင်တာဗျူးတွင် ဂျိုင်ရှန်ကာက အိန္ဒိယစီးပွားရေးသည် ယိမ်းယိုင်နေသည်ဟူသည့် စွပ်စွဲချက်ကိုလည်း ငြင်းဆန်ခဲ့သည်။ 

ဝန်ကြီးချုပ်မိုဒီ(Narendra Modi) ဦးဆောင်သော အစိုးရက ပြဋ္ဌာန်းသည့် နိုင်ငံသားဖြစ်မှု ပြင်ဆင်ရေးဥပဒေ (CAA)သည် အိန္ဒိယနိုင်ငံ၏ ကြိုဆိုရေး ချဉ်းကပ်မှုကို ပြသနေကြောင်း ဝန်ကြီးဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာကို တွေ့ရစဉ်

ဘိုင်ဒန်က အိန္ဒိယ၊ တရုတ်၊ ဂျပန်နှင့် ရုရှားတို့၏  ပြည်ပနိုင်ငံခြားသားများကို မနှစ်သက်သည့် သဘောသဘာဝ သည် ၎င်းတို့၏ စီးပွားရေးပြဿနာများအတွက် တာဝန်ရှိသည့် အကြောင်းအရင်းဖြစ်ကြောင်း ဧပြီ ၂ ရက်က ပြောကြားခဲ့သည်။ 

အမေရိကန်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အမေရိကန်က ၎င်း၏မြေပေါ်သို့ ရွှေ့ပြောင်း နေထိုင်သူများကို လက်ခံကြိုဆိုခြင်းကြောင့်ဖြစ်ကြောင်း ဘိုင်ဒန်က အခိုင်အမာ ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် ဝါရှင်တန်ရန်ပုံငွေ ကောက်ခံမှု အခမ်းအနားတွင် ၎င်း၏ရွေးကောက်ပွဲအတွက် မဲဆွယ်လှုပ်ရှားမှု အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့်တရုတ်အပြင် ဂျပန်နိုင်ငံတို့သည် ရွှေ့ပြောင်း နေထိုင်သူများကို ပိုမိုကြိုဆိုလျှင် စီးပွားရေး ပိုမိုကောင်းမွန် လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

"ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရွှေ့ပြောင်း နေထိုင်သူတွေကို ကြိုဆိုလို့ပါ။ ဒီအကြောင်းကို တွေးကြည့် ကြည့်ပါ။ တရုတ်က စီးပွားရေးဘာလို့ ဆိုးဆိုးရွားရွား ကျဆင်းနေလဲ။ ဂျပန်ကရော ဘာကြောင့် ဒုက္ခတွေ့နေလဲ။ ရုရှား၊ အိန္ဒိယကရော ဘာကြောင့်လဲ။ ဘာလို့လဲဆိုတော့ သူတို့တွေက  ပြည်ပနိုင်ငံခြားသားတွေကို မနှစ်သက်လို့ ပါပဲ။ သူတို့တွေက ရွှေ့ပြောင်း နေထိုင်သူတွေကို မလိုချင်ကြပါဘူး"ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

ဂျိုင်ရှန်ကာက အင်တာဗျူးတွင် ပထမဆုံးအနေဖြင့် အိန္ဒိယစီးပွားရေး ယိမ်းယိုင်ခြင်းမရှိကြောင်း ဦးစားပေး ပြောကြားခဲ့သည်။

အိန္ဒိယအလံနဲ့ ပတ်စပို့စ်ကိုတွေ့ရစဉ်

"အိန္ဒိယက အမြဲတမ်းထူးခြားတဲ့ နိုင်ငံဖြစ်ပါတယ်။ ကျနော် ပြောလိုတာကတော့ ကမ္ဘာ့သမိုင်းမှာဆိုရင် အလွန် ပွင့်လင်းပြီး မတူညီတဲ့ လူ့အဖွဲ့အစည်းက မတူညီတဲ့လူတွေဟာ အိန္ဒိယကို လာရောက်ကြပါတယ်"ဟု ၎င်းက ပြောကြားခဲ့သည်။

"အဲဒါကြောင့် ကျနော်တို့ဆီမှာ ဒုက္ခရောက်နေတဲ့ သူတွေအတွက် တံခါးဖွင့်ပေးထားတဲ့ CAA ရှိနေတာပဲ ဖြစ်ပါ တယ်။ ကျနော်တို့အနေနဲ့ အိန္ဒိယကို လာချင်တဲ့ လူတိုင်းအတွက် တံခါးဖွင့်ပေးထားပါတယ်"ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

ထို့ပြင် ဂျိုင်ရှန်ကာက CAA အပေါ် ဝေဖန်မှုများကို ပယ်ချခဲ့ပြီး"ဒီနိုင်ငံမှာ CAA ကြောင့် မွတ်စလင်နိုင်ငံသား ၁ သန်းဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးနေကြတယ်ဆိုပြီး လူသိရှင်ကြား ပြောဆိုနေသူတွေ ရှိပါတယ်။ အဲဒီလူတွေက သူတို့ပြောတဲ့စကားကို သူတို့ဘာကြောင့် တာဝန်မယူတာလဲ။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ နိုင်ငံသား ဖြစ်ခွင့် ဆုံးရှုံးနေတာမျိုး မရှိလို့ပါ"ဟု ဂျိုင်ရှန်ကာက ပြောကြားခဲ့သည်။

Source: Times of Oman