CNI International News

နယူးဒေလီ၊ ဧပြီ ၅

ဧပြီ ၃ ရက်က စက်မှုထိပ်သီးနိုင်ငံ-၂၀ (G-20) ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားသည့် ဘရာဇီးလ်နိုင်ငံ၏ ဦးဆောင်မှုအောက်တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သော အစည်းအဝေးအား အိန္ဒိယ၏ G-20 သံတမန် အမီတာ ခန့် (Amitabh Kant) တက်ရောက်ခဲ့သည်ဟု Devdiscourse သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။ 

ဘရာဇီးလ်နိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူမှုတွင် အမျိုသမီးများ ဦးဆောင်သည့် စီမံကိန်းဖြစ်သော သာတူညီမျှမရှိမှုကို လျှော့ချရေး အစီအစဉ် LiFE ၊ ဒစ်ဂျစ်တယ် ကျန်းမာရေး၊ ဆန်းသစ်တီထွင်စီးပွားရေး၊ ပါရမီ ရှိသူများကို စုဆောင်းရေး၊ နိုင်ငံအများအပြားပါဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (MDB) ပြုပြင်ပြောင်းလဲမှုတို့ကို ဦးစားပေးလုပ်ဆောင်မည့် အစီအစဉ်များအား အိန္ဒိယက ထောက်ခံကြောင်း ခန့်က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရန်ဟီယာ ဂျိုင်စဝယ် (Randhir Jaiswal) ကလည်း ဘရာဇီးလ်နိုင်ငံ၏ ဥက္ကဋ္ဌတာဝန်အောက်တွင် ပြုလုပ်သည့် G-20 သံတမန်များ အစည်းအဝေးကို အမီတာခန့် တက်ရောက်ခဲ့ကြောင်း X လူမူမီဒီယာတွင် ရေးသားခဲ့သည်။

မတ်လအစောပိုင်းကလည်း G-20 ဆိုင်ရာ အထူးတာဝန်အရာရှိ (OSD) အက်ဘ်ဟေး သာကူရ် (Abhay Thakur) သည် ဘရာဇီးလ်နိုင်ငံ ဘရာစီလီယာ (Brasilia) မြို့တော်တွင် မတ်လ ၁၈ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့သည့် G-20 ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအုပ်စု အစည်းအဝေးကို တက်ရောက်ခဲ့သည်။

 G-20 အခမ်းအနား ပြင်ဆင်ထားမှုကို တွေ့ရစဉ်

ထိုအစည်းအဝေးအတွင်း သာကူရ်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဖူလုံရေး၊ အမျိုးသမီးများအား လုပ်ပိုင်ခွင့်အပ်နှင်းမှု၊ ပညာရေးနှင့် ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု အပါအဝင် နယ်ပယ်ကဏ္ဍ အများအပြားတွင် အိန္ဒိယ၏ စီမံကိန်းများ အောင်မြင်မှုရှိခဲ့သည့် အကြောင်းကို အလေးထား ပြောဆိုခဲ့သည်။

ဂျိုင်စ်ဝယ်ကလည်း မတ်လ ၁၈ ရက်မှ ၁၉ ရက်အတွင်း ဘရာစီလီယာ မြို့တော်တွင် ပြုလုပ်သည့် G-20 ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအုပ်စု အစည်းအဝေးကို OSD (G 20) အက်ဘ်ဟေး သာကူရ် တက်ရောက်ခဲ့ကြောင်း X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ဘရာဇီးလ်နိုင်ငံသည် G-20 အလှည့်ကျဥက္ကဋ္ဌအဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက် အထိ တာဝန်ယူမည်ဖြစ်သည်။

G-20 ထိပ်သီး ခေါင်းဆောင်များ ညီလာခံကို ယခုနှစ် နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ရီယိုဒီဂျနေးရိုး (Rio de Janeiro) မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ထိုညီလာခံကို အဖွဲ့ဝင်နိုင်ငံ ၁၉ နိုင်ငံမှ ခေါင်းဆောင်များ၊ အာဖရိကသမဂ္ဂ နှင့် ဥရောပသမဂ္ဂ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။ 

G-20 အဖွဲ့တွင် အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီးလ်၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ မက္ကဆီကို၊ ဆော်ဒီအာရေဗျ၊ တောင်အာဖရိက၊ ရုရှား၊တူရကီ၊ ဗြိတိန်နှင့် အမေရိကန် အစရှိသည့် ၁၉ နိုင်ငံအပြင် အာဖရိကသမ္မတနှင့် ဥရောပသမဂ္ဂတို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

Source: Devdiscourse