CNI International News

နယူးဒေလီ၊ မတ်လ ၁၈

ဂျူးဆန့်ကျင်မှု၊ ခရစ်ယာန်ဘာသာ သို့မဟုတ် အစ္စလာမ်ဘာသာအပေါ် ကြောက်စိတ်လွန်ကဲမှု၊ ဟိန္ဒူ ဆန့်ကျင်မှု၊ ဗုဒ္ဓဘာသာ ဆန့်ကျင်မှု၊ ဆစ်ခ် ဆန့်ကျင်မှုများ အပါအဝင် ဘာသာရေးနှင့်ပတ်သက်သည့် ဆန့်ကျင်မှုများ ကြောက်စိတ်လွန်ကဲမှု ပုံစံအားလုံးကို အိန္ဒိယက ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားခဲ့သည်ဟု Devdiscourse မှ ဖော်ပြခဲ့သည်။ 

ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယ၏ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သည့် ရူချိုင်ရာ ကမ်ဘော့ဂျ် (Ruchira Kamboj) က ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၇၈)ကြိမ်မြောက် အစည်းအဝေးတွင် "အစ္စလာမ်ဘာသာအပေါ် ကြောက်စိတ် လွန်ကဲမှုကို တိုက်ဖျက်ရန် အစီအစဉ်များ" ဆိုသည့် ကြေညာချက် ထုတ်ပြန်သည့် အချိန်အတွင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယ၏ အမြဲတမ်း ကိုယ်စားလှယ်ဖြစ်သည့် ရူချိုင်ရာ ကမ်ဘော့ဂျ်ကို တွေ့ရစဉ်

"ဘာသာရေး ကြောက်စိတ်လွန်ကဲမှု ပုံစံအားလုံးကို အိန္ဒိယက ဆန့်ကျင်ပါတယ်။ ဂျူးဆန့်ကျင်မှုပဲဖြစ်ဖြစ်၊ ခရစ်ယာန် ဒါမှမဟုတ် အစ္စလာမ် ဘာသာအပေါ် ကြောက်စိတ်လွန်ကဲမှုပဲ ဖြစ်ဖြစ်၊ ဟိန္ဒိူ၊ ဗုဒ္ဓဘာသာနဲ့ ဆစ်ခ် ဆန့်ကျင်မှုတွေပဲဖြစ်ဖြစ် အားလုံးကို ဆန့်ကျင်ပါတယ်" ဟု ကမ်ဘော့ဂျ်က ပြောကြားခဲ့သည်။

"အစ္စလာမ်ဘာသာအပေါ် ကြောက်စိတ်လွန်ကဲမှုကို တိုက်ဖျက်ရန် အစီအစဉ်များ" ဆိုသည့် ကြေညာချက်နှင့် ပတ်သက်ပြီး အိန္ဒိယ၏ သဘောထားကို ရှင်းလင်းပြောကြားခဲ့ရာတွင် ကမ်ဘော့ဂျ်က "ဒီနေ့ ကျမတို့ရဲ့ ကမ္ဘာကြီး မှာ ကျမတို့ဟာ ပထဝီနိုင်ငံရေး တင်းမာမှုတွေ၊ သာတူညီမျှမှုမရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ မြင့်မားလာတာနဲ့အတူ ရလဒ်အနေနဲ့ သည်းခံနိုင်စွမ်းကုန်ဆုံးမှု၊ ခွဲခြားဆက်ဆံမှုနဲ့ ဘာသာရေးနဲ့ ယုံကြည်ကိုးကွယ်မှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို တွေ့နေရပါတယ်" ဟု ပြောကြားခဲ့သည်။

 အိန္ဒိယ၏ ဘာသာရေး သင်္ကေတများကို တွေ့ရစဉ်

"မူမတူသော်လည်း အတူယှဉ်တွဲ နေထိုင်ရေးကို ဂုဏ်ယူစွာ ကျင့်သုံးသည့် အိန္ဒိယအနေဖြင့် ဘာသာပေါင်းစုံ၊ ယုံကြည်ကိုးကွယ်မှုပေါင်းစုံကို မြှင့်တင်ဖို့နဲ့ ကာကွယ်ပေးဖို့အတွက် သာတူညီမျှမှုရှိတဲ့ မူဝါဒကို ခိုင်မာစွာ ကိုင်စွဲထားပါတယ်" ဟု ကမ်ဘော့ဂျ်က ပြောကြားခဲ့သည်။

မူမတူ ယှဉ်တွဲနေထိုင်ရေး မူဝါဒကို ခိုင်မာစွာ ကျင့်သုံးခဲ့သည့် သမိုင်းကြောင်းရှိပြီး ဒီမိုကရေစီ နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် မတူကွဲပြားသော ဘာသာရေးများကို လက်ခံယုံကြည်ပြီး ဘာသာရေး ခံယူချက်ကြောင့် ဖိနှိပ် ခံရသူများကို ခိုလှုံခွင့်ပေးခဲ့သော နိုင်ငံဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဘာသာတရားတိုင်းသည် တူညီမှုရှိသည် (Sarva Dharma Sama Bhava) ဆိုသည့် မဟတ္တမ ဂန္ဓီ (Mahatma Gandhi) ၏ အယူအဆအတိုင်း မည်သည့် ဘာသာဝင် ဖြစ်နေပါစေ။ ဘာသာရေးကိုးကွယ်မှုကြောင့် ဖိနှိပ်ခံရ သူများအတွက် အိန္ဒိယသည် ခိုလှုံစရာနေရာ တစ်ခုဖြစ်သည်”ဟု ကမ်ဘော့ဂျ်က ပြောကြားခဲ့သည်။

"ကျမတို့ရဲ့ Sarva Dharma Sama Bhava မူဝါဒရဲ့ အဓိကအချက်က လောကီကိစ္စတွေမှာ ဘာသာအယူဝါဒ ရေးရာ လွှမ်းမိုးမှု မရှိစေတဲ့ အိန္ဒိယရဲ့ မူဝါဒကို အရှင်းဆုံး ဖော်ပြပေးနေပြီး ဘာသာအားလုံးရဲ့ ကောင်းမွန်တဲ့ အချက်တွေကို အပြန်အလှန် လေးစားမှုနဲ့ လက်ခံထားပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

Source: Devdiscourse