CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေမှာ နိုင်ငံရေးပါတီများ၏ ပိုင်ဆိုင်မှုများအား သိမ်းယူရန် ပြင်ဆင်သလိုဖြစ်နေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က CNI သတင်းဌာနသို့ ပြောသည်။

ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခြင်းမရှိဘဲ နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျာက် ပျက်ပြယ်ပြီး ဖြစ်သည်ဟု မှတ်ယူခံရသောပါတီ သို့မဟုတ် ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဆင့်ထက်မနိမ့်သူ တစ်ဦးဦး သည် ဥပဒေပုဒ်မ ၁၂ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ် (၄)၊ (၅)၊ (၆) သို့မဟုတ် (၇) ပါ အချက်တစ်ရပ်ရပ်နှင့်လည်း ငြိစွန်းမှု ရှိကြောင်း စိစစ်တွေ့ရှိပါက ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးထားသည့် ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်ထားထားသည့် နည်းလမ်းအတိုင်း အပ်နှံရမည်ဖြစ်ကြောင်း မတ်လ ၅ ရက်နေ့က UEC မှ ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေပြင်ဆင်မှုသည် လူတစ်ဦးချင်းစီ၏ လုပ်ဆောင်မှုမှာ အဖွဲ့အစည်းတစ်ခုလုံးအား ကိုယ်စားပြုခြင်း ရှိ/မရှိ ဆိုသည်ကို စိစစ်ရမှာ ဖြစ်ကြောင်း၊ ယင်းကိစ္စမှာ တရားနည်းလမ်းကျသည့် ဥပဒေမဟုတ်ကြောင်း SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။

SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကို တွေ့ရစဉ် 

၎င်းက “ဒီဥပဒေက ရှင်းရှင်းပြောရရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက သူတို့ ထုတ်ပြန်ထားတဲ့ ဥပဒေကို ပြန်ပြီး နည်းဥပဒေအရ ပြန်ပြီးတော့မှ ထုတ်ပြန်တာပဲ ဖြစ်တယ်လေ၊ အရင်က ထုတ်ပြန်ထားတာနဲ့ ဘာမှ မထူးပါဘူး။ ဒါပေမဲ့ အရင်က ထုတ်ပြန်ထားတဲ့ သဘောထားအရ ပါတီမှတ်ပုံမတင်တဲ့ ဆက်လက်ပြီး ပါတီမှတ်ပုံမတင်တဲ့ အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုကို CEC တစ်ဦးက သူတို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတစ်ခုနဲ့ ငြိစွန်းရင်တောင်မှဘဲ သိမ်းပိုင်ခွင့်ရှိတယ်ဆိုတဲ့ဟာက ဒါတော်သင့် မှန်ကန်ရဲ့လားဆိုတာ ပြန်ပြီး သုံးသပ်ရမှာ ဖြစ်တယ်ပေါ့နော်၊ လူတစ်ဦးချင်းစီရဲ့ ပြစ်မှု၊ ဒါမှမဟုတ် လုပ်ကိုင်ဆောင်ရွက်မှုဟာ အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုရဲ့လားဆို တာကို ပြန်ပြီး စိစစ်ရမှာ ဖြစ်တယ်။ ကျနော်အမြင်မှာတော့ ဒါဟာ တော်သင့်မှန်ကန် တရားနည်းလမ်းကျတဲ့ ဥပဒေမဟုတ်ဘူးလို့ မြင်တယ်။ အဲဒီတော့ စကစရဲ့ အခု ထုတ်ပြန်ချက်၊ UEC အနေနဲ့ ထုတ်တာပဲဖြစ်ဖြစ်၊ သူတို့ အနေနဲ့ ထုတ်တာပဲဖြစ်ဖြစ် ဆက်လက်ပြီး မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီကြီးတွေကို ပစ်မှတ်ထားပြီးမှ သူတို့ ပိုင်ဆိုင်မှုကို သိမ်းယူဖို့အတွက် ရမယ်ရှာတာ သက်သက်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

UEC က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ရမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် SNLD ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ပါတီအချို့ ပြန်လည်၍ ပါတီမှတ်ပုံတင် ခဲ့ခြင်း မရှိပေ။

UEC က ပြင်ဆင်လိုက်သော နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေအပေါ် ဝေဖန်စရာ မရှိကြောင်း၊ မိမိတို့ ပါတီ အနေဖြင့် ပိုင်ဆိုင်မှုများအား စာရင်းပေးထားပြီးဖြစ်ကြောင်း ပြန်လည်မှတ်ပုံတင်ခြင်း မရှိသည့် တအာင်း (ပလောင်)အမျိုးသားပါတီ (TNP)မှ ဦးကျော်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များတွေ့ဆုံစဉ်

၎င်းက “ဒါကလည်း လောလောဆယ် ဝေဖန်စရာ မရှိပါဘူး။ ကျနော်တို့ ပါတီအနေနဲ့ကတော့လေ။ ဘာလို့ဆို သူတို့ သတ်မှတ်တဲ့အတိုင်းပဲပေါ့။ ကိုယ်က မှတ်ပုံတင်လည်း ပြန်မတင်တော့တဲ့အတွက်လေ။ တကယ်လို့ သူတို့ ဟိုဟာဖြစ်တယ်ဆိုရင်လည်း ဆိုတာက ခုနပြောသလိုပေါ့ဗျာ၊ တစ်ခုတော့ ရှိတာပေါ့ ကျနော်တို့က ပိုင်ဆိုင်မှု ဆိုတဲ့အတိုင်းအတာမှာ သူတို့ စာရင်းဘာညာ ပေးပို့ထားပြီးသားပဲ၊ ငွေကြေးရော၊ ပစ္စည်းရော အဲဒီလိုမျိုးပေါ့ ရုံးသုံးပစ္စည်းပေါ့၊ အဲဒီအပေါ်မှာ အထူးတလည်တော့ ပြောလိုမှု မရှိတော့ပါဘူး” ဟု ပြောသည်။

UEC က နိုင်ငံရေးပါတီများကို ပြန်လည်၍ မှတ်ပုံတင်ရန် ထုတ်ပြန်ခဲ့ပြီးနောက် လက်ရှိတွင် နိုင်ငံရေးပါတီ ၄၀ ကျော်အား မှတ်ပုံတင်ချထားပေးပြီး ဖြစ်သည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခု ၂၀၂၄ ခုနှစ်ကို သန်းခေါင်စာရင်း အပြီးသတ် ကောက်ယူမည် ဖြစ်ကြောင်း၊ ထိုနောက် အထွေထွေရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိသည့် နိုင်ငံရေး ပါတီကို အာဏာလွှဲပြောင်းပေးမည်ဟု ပြောကြားထားသည်။