CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၂

ပါတီမှတ်ပုံတင် မကျသေးသော နိုင်ငံရေးပါတီများ အနေဖြင့် ပါတီစည်းရုံးရေးများ လုပ်ဆောင်၍မရဘဲ ဖြစ်နေ ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။

မိမိတို့၏ ပါတီဝင်များနှင့် တွေ့ဆုံခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က တားမြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို သွားမည်ဆိုပါက နိုင်ငံရေးပါတီများ အားကောင်းလာစေရန် ပံ့ပိုးကူညီရမှာဖြစ်ကြောင်း ပြည်သူ့ပါတီ (PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ ကိုယ်တိုင်က ဒါက သံသယ ဖြစ်လာတာက ပါတီစုံဒီမိုကရေစီကို သွားမယ်ဆိုရင် ပါတီတွေရဲ့ လှုပ်ရှားခွင့် နောက်ဆုံးပြောရရင် ပါတီတွေ အားကောင်းသန်မာအောင်တောင်မှ သူတို့က ပံ့ပိုးကူညီဖို့ လိုတာပေါ့၊ အနည်းဆုံးတော့ ဘာမှ အနှောင့်အယှက်မ‌‌ပေးရင်တော့ ကျနော်တို့က လွတ်လွတ်လပ်လပ် ကျနော်တို့ ပြည်သူ တွေကြားထဲမှာ ပြောလို့၊ ဆိုလို့၊ လုပ်လို့ရတာပေါ့၊ အခုကြတော့ ကျနော်ဆိုရင် တည်ဆဲတရားဝင် ပါတီတစ်ခုရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ လုပ်ဖို့ကိုတောင်မှ မလုပ်ဖို့အတွက် တားမြစ်တာ ခံရတယ်၊ ဥပမာအားဖြင့် ကျနော်တိုက်ကြီး မှာ ပါတီဝင်တွေ့ဆုံပွဲ လုပ်ဖို့အတွက် တင်ပြတဲ့အခါမှာ မှတ်ပုံတင်စိစစ်ဆဲ ဖြစ်တဲ့အတွက်ကြောင့် ဆိုပြီးတော့ တားမြစ်ကြောင်း အကြောင်းပြန်တယ်၊ အဲဒါကတော့ ကျနော်တို့က မြို့နယ်က မင်္ဂလာဆောင်ခန်းမ တစ်ခုမှာ ကျနော်တို့ လုပ်ဖို့ ခွင့်ပြုချက်တင်တာပေါ့၊ နောက်တစ်ခုကတော့ ကျနော်တို့ အရင့်အရင် ကော်မရှင်ရဲ့ ညွန်ကြား ချက်တွေထဲမှာ ကိုယ့်ပါတီ ရုံးခန်းမှာ လုပ်လို့ရှိရင် အသိပေးအကြောင်းကြားရုံပဲ ခွင့်ပြုချက်တောင်းစရာ မလိုဘူး။ အဲဒီတော့ ကျ‌နော်တို့က နေပြည်‌တော် ပြည်သူ့ပါတီရုံးမှာ ပါတီဝင်တွေ့ဆုံပွဲ လုပ်မယ်ဆိုတဲ့အကြောင်းကို အသိ ပေး အကြောင်းကြားစာ ပို့လိုက်တာ အဲဒါကိုလည်း တားမြစ်မိန့်ကျတယ်” ဟု ပြောသည်။

UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပါတီမှတ်ပုံတင်ခြင်းအား ပြန်လည် လုပ်ဆောင် ခိုင်းခဲ့သည်။

ပါတီစုံနိုင်ငံ‌ရေးစနစ်ဖြင့် သွားမည်ဆိုပါက နိုင်ငံရေးပါတီများ အားကောင်းလာရေး လုပ်ဆောင်ရန် အာဏာပိုင်များ တွင် တာဝန်ရှိကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံရေးပါတီစာရင်းနဲ့ UEC တံဆိပ်တုံးကိုတွေ့ရစဉ်

၎င်းက “အမှန်က ပါတီစုံနိုင်ငံရေးကို ရှေ့ဆက်သွားမယ်ဆိုရင် နိုင်ငံရေးပါတီတွေကို အားကောင်းအောင် လုပ်ပေးဖို့ တာဝန်ရှိတယ်၊ နိုင်ငံရေးပါတီတွေ အားကောင်းလာမှ နိုင်ငံရေးလုပ်ငန်းစဉ်အပေါ်မှာ ပြည်သူတွေ ယုံကြည်မှု ရှိလာ မယ်၊ အားကိုးမှု ရှိလာမယ်၊ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို သုံးသပ်မယ်ဆိုရင် နိုင်ငံရေး ပါတီတွေကို အားရှိအောင် မဟုတ်ဘဲနဲ့ ကန့်သတ်မှုတွေ ပိုများလာတယ်၊ ပိုများလာမယ့် သဘောမျိုးရှိတယ်လို့ ကျနော် အဲဒီလိုမြင်တယ်၊ အဲဒါကြောင့် နိုင်ငံရေးပါတီတွေကလည်း အားကောင်းမောင်သန် နိုင်ငံရေးပါတီတွေ ဖြစ်ဖို့အတွက် တော်တော်အခက်အခဲ အကျပ်အတည်းကို ရင်ဆိုင်နေရပြီလို့ ကျနော်တော့ အဲဒီလို သုံးသပ်တယ်” ဟု ပြောသည်။

လက်ရှိတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီ မှတ်ပုံတင်ထားသည့်တိုင် ပါတီ ၇ ခုကိုသာ မှတ်ပုံတင်ချ ပေးထားနိုင်ပြီး ကျန် ၅ ပါတီကို ဥပဒေနှင့်အညီ စိစစ်နေဆဲဟု UEC က CNI သတင်းဌာနသို့ ပြော သည်။

ဦးကိုကိုကြီးက  “အဲဒီတော့ ကျနော်တို့ကိုယ်တိုင်က လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ ဘယ်လို သဘောထားပေါ့နော်၊ ဘယ်လို မူတွေနဲ့ ဆောင်ရွက်နေတာလဲဆိုတာက ကျနော်တို့ ပါတီတွေ ကြားထဲမှာလည်း တော်တော် မေးခွန်းထုတ်ဖြစ်တယ်၊ ပြောဖြစ်ဆိုဖြစ်တယ်ပေါ့ဗျာ၊ တကယ်က တည်ဆဲတရားဝင် ပါတီတွေကို လက်ရှိ ပါတီလုပ်ငန်းတွေအားလုံး ရပ်တန့်ထားရမယ်၊ ဆိုင်းငံ့ထားရမယ်ဆိုတဲ့ တရားဝင်ဥပဒေ၊ နည်းဥပဒေလည်း ကျနော်တို့ မတွေ့ရဘူး။ အဲဒီလို မတွေ့ရဘဲနဲ့ အခုကျနော်တို့ ရင်ဆိုင်နေရတဲ့ အခြေအနေကတော့ အဲဒီလိုမျိုးပေါ့ နော်၊ ကျနော်တို့ ရင်ဆိုင်နေရပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ပြည်သူ့ပါတီ(PP)သည်  ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသော်လည်း မှတ်ပုံတင် ချပေးခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ (MUP)ပါတီတို့သည် ပြည်နယ်အဆင့် မှတ်ပုံတင်ထားသော်လည်း ယနေ့အချိန်ထိ မှတ်ပုံတင် မချပေးကြောင်း သိရသည်။