CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၅

ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ မန်တုံ၊ နမ္မတူမြို့နယ်များကို နစက-က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်း သည် တအာင်းအမျိုးသားများလွတ်မြောက်ရေးတပ်မတော်(TNLA)ကို စစ်တိုက်ရန် ပြင်ဆင်ခြင်းလားဆိုပြီး နိုင်ငံရေးနှင့် စစ်ရေး အကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။

နစကသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရန် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် မန်တုံ၊ နမ့်ဆန်၊ နမ္မတူတို့၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေးကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရအပ်နှင်းကြောင်း မတ်လ ၄ ရက်က ထုတ်ပြန်ခဲ့သည်။

တိုင်းမှူးသည် အချိန်နှင့်တပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေအရပ်ရပ် အပေါ်မူတည်၍ မိမိကိုယ် တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်သည်ဟု ဖော်ပြထားသည်။

ထိုစစ်အုပ်ချုပ်ရေး ကြေညာမှုမှာ TNLA သိမ်းပိုက်ထားသည့် မြို့နယ်များအား ပြန်လည်သိမ်းပိုက်ရန် ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

၎င်းက “အဲဒီဒေသတွေဟာ စစ်ကောင်စီရဲ့ လုံခြုံရေး အင်အားစုတွေ မရှိတော့တဲ့ အနေအထားအောက်မှာ အရှေ့မြောက်တိုင်းမှူးကို အာဏာလွှဲအပ်လိုက်တာ၊ အရှေ့မြောက်တိုင်း တိုင်းမှူးကတော့ လားရှိုးမှာ ရှိနေသေး တာကိုး။ အဲဒီတော့ ရည်ရွယ်ချက်က ဘာလဲဆိုရင် အဲဒီဒေသတွေဟာ တိုင်းမှူးရဲ့ စစ်ဥပဒေနဲ့ တိုင်းမှူးရဲ့ စစ်‌ရေး အစီအစဉ်တွေအောက်မှာ ရှိနေမယ်ဆိုတဲ့ အနေအထားပါ။ အဲဒီတော့ စစ်ဥပဒေအရကတော့ စစ်တိုင်းမှူးကနေ ပြီးတော့ ဥပဒေပြုမယ်၊ တရားစီရင်မှုတွေ လုပ်မယ်၊ စသည်အားဖြင့် စစ်တပ်ကို အာဏာလွှဲအပ်လိုက်တာ။ လွှဲအပ် လိုက်တဲ့ အနေအထားရဲ့ ဦးတည်ချက်က တနေ့နေ့တချိန်ချိန် အခြေအနေပေးတဲ့ အချိန်ရောက်ရင် အဲဒီဒေသတွေ ပြန်ပြီးတော့ စစ်ရေးအရ ပြန်လည်သိမ်းပိုက်နိုင်အောင် ကြိုးစားဖို့အတွက် ကွင်းဖွင့်ထားတဲ့ သဘောဖြစ်တယ်လို့ ကျနော်တော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

အဆိုပါ မြို့နယ် ၃ ခုတွင် TNLA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးများ ဆောင်ရွက်နေခြင်းကြောင့် စစ်အုပ်ချုပ်ရေးမှာ ဖိအားပေးရာ မရောက်ကြောင်း ၎င်းက ပြောသည်။

၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးမိတ်နှင့်မဘိမ်း မြို့နယ်၊ မတ်လ ၄ ရက်နေ့မှာ မန်တုံ၊ နမ့်ဆန်နှင့် နမ္မတူ မြို့နယ်များကို စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် ကြေညာခဲ့သည်။

TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

ထို့နောက် နစကသည် ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့ထိဆိုပါက မြန်မာနိုင်ငံထဲအတွင်း မြို့နယ်ပေါင်း ၆၁ မြို့နယ် မှာ စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။ 

မြို့နယ်မှ လူထုအချို့တွင် ယင်းဥပဒေကြောင့် တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်ကို စိုးရိမ်မှုရှိနေကြောင်း၊ သို့သော် လည်း မြို့အနေအထားမှာ ပုံမှန်ရှိနေကြောင်း ပလောင်နိုင်ငံရေးသမားတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုလောလောဆယ်ကတော့ နမ္မတူ၊ နမ့်ဆန်၊ မန်တုံကတော့ အေးအေးဆေးဆေးပဲ နေနေကြတာ၊ ပုံမှန် ပါပဲ။ ဘာမှလည်း အလန့်တကြား ဖြစ်တာတွေလည်း မတွေ့ရဘူး။ မြို့အနေအထားကတော့ ပုံမှန်ပဲ၊ အခုလည်း လက်ရှိလည်း တပ် (TNLA) ကလည်း ဒီအတိုင်းပဲ ဘာမှလည်း ပြင်ဆင်ထားတာလည်း မရှိသေးဘူးဗျ။ ဒီမနက်ပဲ ကျနော်လည်း ဒီသတင်း ဖတ်ကြည့်လိုက်တဲ့ အခါကြတော့ ဒီ ၃ ခုတော့ အေးပေါ့ သူတို့က ထင်တာကတော့ ပလောင်က အဓိက-က ဒီ ၃ မြို့နယ်ပဲ နေတယ်လို့ ထင်တာကိုး” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ နမ့်ခမ်းမြို့၊ နမ့်ဆန်မြို့၊ မန်တုံမြို့၊ မိုင်းလုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့နှင့် ကွတ်ခိုင်မြို့များကို TNLA က သိမ်းပိုက်ထားသည်။