CNI International News

မင့်စ်၊ ဖေဖော်ဝါရီ ၂၆ 

ဘယ်လာရုစ်နိုင်ငံအတွင်း အစိုးရကိုဖြုတ်ချရန် ကြံစည်မှုများသည် အောင်မြင်လိမ့်မည် မဟုတ်ကြောင်း ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို (Alexander Lukashenko) က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

“သူတို့ (အစိုးရ အတိုက်အခံများ)တွေဟာ ဘယ်လာရုစ်နိုင်ငံမှာ အစွန်းရောက်မှုတွေ အပါအဝင် ဘယ်လို ရွေးချယ်မှုကိုမဆို အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး”ဟု လူကာရှန်ကိုက ပြောသည်။

လူကာရှန်ကိုကို တွေ့ရစဉ်

မိမိတို့အနေဖြင့် မိမိတို့၏အတိတ်က အမှားများကို သင်ခန်းစာယူရမည်ကို သိရှိနားလည်ထားသဖြင့် အတိုက်အခံ များအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ မရှိကြောင်း လူကာရှန်ကိုက လွှတ်တော်နှင့် ဒေသန္တရ ရွေးကောက်ပွဲ များတွင် မဲပေးခဲ့ပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။

သတင်းထောက်များက လူကာရှန်ကိုအား ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ရန် ရှိ/မရှိ မေးမြန်းခဲ့ချိန်တွင် ၎င်းက သေချာပေါက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ဖြေကြားခဲ့သည်။

Source: တာ့စ်