CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)အဖွဲ့မှ ဗိုလ်မှူးကြီးဝင်ရမ်းသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကွယ်လွန်သွားကြောင်း NSCN-K/YA မှ ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးကြီးဝင်ရမ်းသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျန်းမာရေး မကောင်းသည့်အတွက် ဆေးကုသမှု ခံယူနေရင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

NSCN-K/YA တွင် ဗိုလ်မှူးကြီးဝင်ရမ်းသည် ဒုတိယအတွင်းဝန်ဖြစ်ပြီး ၁၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့ကြောင့် NSCN-K/YA က အလွန်ဝမ်းနည်းပူဆွေးကြောင်း၊ ဗိုလ်မှူးကြီးဝင်ရမ်းသည် နာဂလူမျိုးများအတွက် နောက်ဆုံးထွက်သက်အထိ ရဲစွမ်းသတ္တိအပြည့်ဖြင့် တာဝန်ထမ်းဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်မှူးကြီးဝင်ရမ်း ကွယ်လွန်မှု NSCN-K/YA က ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်ကို တွေ့ရစဉ်

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကို ၁၉၈၀ ခုနှစ်က စတင် ထူထောင်ခဲ့ရာမှ ခေါင်းဆောင်များဖြစ်သည့် ကပ္ပလန်၊ အိုက်ဇက်၊ ဗွီဗားတို့ကြား သဘောထား ကွဲလွဲ၍ ၁၉၈၉ တွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်/ဗွီဗား(NSCN-IM)ဆိုပြီး ၂ ဖွဲ့ကွဲသွား သည်။

NSCN-K သည် မြန်မာပြည်မှာ အခြေစိုက်ပြီး NSCN-IM ကတော့ အိန္ဒိယဘက်မှာ အခြေစိုက်၍ နာဂနိုင်ငံရေး ကို ဆောင်ရွက်ကြသည်။

ထို့နောက် NSCN-K ဥက္ကဋ္ဌ ကပ္ပလန်သည် ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့သည့်အတွက် ဒုဥက္ကဋ္ဌ ဦးခမ်းငေါ် (Khango Konyak)ကို ၂၀၁၈ ခုနှစ်မှာ ဥက္ကဋ္ဌအဖြစ်တင်မြှောက်ပြီး မကြာခင် သြဂုတ် ၁၇ ရက်နေ့တွင် ပြန်လည် ဖြုတ်ချ၍ ဦးယုံးအောင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့သည်။

NSCN-K/AM အဖွဲ့ခေါင်းဆောင် အန်းမိုင်ကို တွေ့ရစဉ်

ထို့နောက် ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ဦးယုံးအောင်သည် NSCN-K/YA အဖွဲ့ကနေ ဒုစစ်ဦးစီးချုပ် နီကီဆူမီ၊ ဝန်ကြီး စတားဆမ်၊ စစ်ဦးစီးချုပ် ညမ်လန်တို့ကို ထုတ်ပယ်လိုက်သည့်အတွက် နီကီဆူမီက SNCN-K/ NK ဆိုသော အဖွဲ့အား ထူထောင်၍ အိန္ဒိယအစိုးရနှင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၈ ရက်မှာ ငြိမ်းချမ်းရေးယူ သွားခဲ့သည်။

အလားတူ ၂၀၂၃ ခုနှစ်အတွင်းမှာလည်း ပြည်ထဲရေးဝန်ကြီး အန်းမိုင်ကို NSCN-K/YA က ထုတ်ပယ်လိုက်သည့် အတွက် NSCN-K/AM ဆိုသော အဖွဲ့ကိုထူထောင်၍ အန်းမိုင်က လှုပ်ရှားလျက်ရှိသည်။

ထို့အပြင် NSCN-K ထဲကနေ ထုတ်ပယ်ခံလိုက်ရသော ဦးအောင်ဆိုင်းနှင့် ဂျင်မီတို့ကလည်း အရှေ့နာဂကာ ကွယ်ရေးတပ်မတော်(ENDA/ENNO)ဆိုသော အဖွဲ့ကို ထူထောင်၍ လှုပ်ရှားလျက်ရှိနေသည်။