CNI International News

ဆန် ဆာဗေးဒိုး၊ ဖေဖော်ဝါရီ ၆

အယ်လ်ဆာဗေးဒိုးနိုင်ငံတွင် ဖေဖော်ဝါရီ ၄ ရက်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ၌ လက်ရှိသမ္မတ နာယစ် ဘူကီလီ (Nayib Bukele) က သောင်ပြိုကမ်းပြို အနိုင်ရရှိသွားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

မဲဆန္ဒရှင်များသည် ဒီမိုကရေစီစနစ် ယုတ်လျော့လာစေမည့် စိုးရိမ်မှုများကို ဘေးချိတ်ပြီး နိုင်ငံအတွင်း ကြောက် မက်ဖွယ် လူဆိုးဂိုဏ်းများကို ပြတ်ပြတ်သားသား ချေမှုန်းနေသည့် ဘူကီလီကို ထောက်ခံသည့်အနေဖြင့် မဲများ ပေးခဲ့ကြခြင်းဖြစ်သည်။

ဆယ်ဆာဗေးဒိုး၏ မြို့တော် ဆန်ဆာဗေးဒိုး၏ ပြည်သူ့ရင်ပြင်တွင် ဘူကီလီကို ထောက်ခံသူများသည် ၎င်း ထပ်မံ ရွေးကောက်ခံခဲ့ရမှုကို ဂုဏ်ပြုသည့်အနေဖြင့် အောင်ပွဲခံခဲ့ကြသည်။

အသက် ၄၂ နှစ်အရွယ် ဘူကီလီကမူ ယခုရွေးကောက်ပွဲသည် ၎င်း၏ အစိုးရအဖွဲ့အတွက် လူထုဆန္ဒခံယူပွဲကဲ့သို့ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘူကီလီသည် တရားဝင်မဲရလဒ်များ မထုတ်ပြန်ခင်ကတည်းက ရွေးကောက်ပွဲတွင် ၎င်းအနိုင်ရရှိကြောင်း ကြေညာခဲ့ပြီး မဲရလဒ် ၈၅ ရာခိုင်နှုန်း ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

ဘူကီလီကို ထောက်ခံကြသူများကို တွေ့ရစဉ်

ဘူကီလီ၏ New Ideas ပါတီသည်လည်း နေရာ ၆၀ ရှိသည့် လွှတ်တော်တွင် နေရာအားလုံးနီးပါးကို အနိုင် ရရှိဖွယ်ရှိနေပြီး အယ်လ်ဆာဗေးဒိုး၏ ခေတ်သစ်သမိုင်းတွင် ဘူကီလီသည် သြဇာအကြီးဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ 

"ကျနော်တို့အားလုံးဟာ အတိုက်အခံတွေကို အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဆာဗေးဒိုးဟာ ဘေးကင်းလုံခြုံမှုမရှိဆုံး နိုင်ငံအဖြစ်ကနေ ဘေးကင်းလုံခြုံမှုအရှိဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။ အခုကစပြီး နောက်ထပ် သက်တမ်း ၅ နှစ်မှာ ကျွန်တော်တို့ ဘာတွေ ဆက်လုပ်သွားမလဲဆိုတာ စောင့်ကြည့်ကြပါ" ဟု ဘူကီလီက အယ်လ်ဆာဗေးဒိုး အမျိုးသားနန်းတော်၏ လသာဆောင်တွင် ၎င်း၏ ဇနီးသည်နှင့်အတူ မတ်တပ် ရပ်ပြီး ထောက်ခံသူများကို ပြောကြားခဲ့သည်။

New Ideas ပါတီ၏ အနိုင်ရရှိမှုကြောင့် ဘူကီလီသည် မကြုံစဖူး ကြီးမားသည့် လုပ်ပိုင်ခွင့်ကို ရရှိလာနိုင်မည် ဖြစ်ကာ အယ်လ်ဆာဗေးဒိုး၏ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပါ ပြုပြင်ပြောင်းလဲခွင့် ရရှိဖွယ်ရှိသည်။ 

အတိုက်အခံများကမူ ဘူကီလီသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတသက်တမ်း ကန့်သတ်ချက်များကို ဖယ်ရှားမည့်အရေးကို စိုးရိမ်လျက်ရှိသည်။

Source: ရိုက်တာ