CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇

မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-TNLA-MNDAA) တို့ ဖော်ဆောင်နေသော စစ်ဆင်ရေးများ နောက်ကွယ်၌ တရုတ်ရှိနေကြောင်း ပြည်တွင်းရှိ လက်နက်ကိုင်ခေါင်း ဆောင် တချို့နှင့် အမျိုးသားရေး အင်အားစုများက ယုံကြည်ထားကြသည်။

ထို့ကြောင့် အမျိုးသားရေးအဖွဲ့များက နေပြည်တော်နှင့် ရန်ကုန်မြို့တို့မှာ တရုတ်အား ဆန့်ကျင် ဆန္ဒပြမှုများ နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် မြန်မာ့အမျိုးသားရေးကွန်ရက်အသင်း ဒုဥက္ကဋ္ဌ ကိုစည်သူမြင့်နှင့် ရန်ကုန်မျိုးချစ်များက ပူးပေါင်း ၍ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး နေပြည်တော်မှာတော့ မြန်မာ့အမျိုးသားရေး ကွန်ရက်အသင်း အထွေထွေအတွင်း ရေးမှူး နောင်တော်လေးနှင့် နေပြည်တော်မျိုးချစ်များက လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

ကိုစည်သူမြင့်က “ကိုယ်မွှေးတဲ့မီး ကိုယ့်ဘာသာပြန် ငြိမ်းလို့ပဲ ပြောချင်တယ်။ ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေ သူတို့ သိတယ်။ ပါဝင်ပတ်သက်တဲ့နိုင်ငံတွေ ကိုယ်မွှေးတဲ့မီး ကိုယ့်ဘာသာကိုယ် ပြန်ငြိမ်းလို့ပဲပြောချင်တယ်။ နစက-က NCA ၈ နှစ်ပြည့် ပွဲကို ခမ်းခမ်းနားနားလုပ်ခဲ့တယ်။ ဒါတွေကို မျက်ကွယ်ပြုပြီးတော့ ပြည်တွင်းကို မငြိမ်မသက်ဖြစ် အောင် လုပ်နေတာကို ကျနော်တို့က လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒါသည် ကျနော်တို့က တပ်မတော်ကို ထောက် ခံတာမဟုတ် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်တာဖြစ်တယ်။ ကျနော်တို့ အချုပ်အခြာ အာဏာ ကို ထိပါးလာတယ်လို့ မြင်လို့ ကျနော်တို့ အမျိုးသားကွန်ရက်အနေနဲ့ ဒီနေ့ ဆန္ဒထုတ်ဖော်တဲ့ပွဲလေးကို လုပ်ရ ခြင်းဖြစ်တယ်”ဟု ပြောသည်။

MNDAA က ရှမ်းမြောက်မှာ တပ်မတော်စစ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်စဉ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ၊ နမ့်ခမ်း၊ မူဆယ်၊ ချင်းရွှေဟော်၊ နောင်ချို၊ ဖောင်းဆောင်၊ ကြူကုတ်(ပန်ဆိုင်း) စသည့် မြို့နယ်များအတွင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA- AA- TNLA)တို့က ဗမာပြည်သူ့လွတ် မြောက်ရေးတပ်တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-MDY)၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)တို့နှင့် ပူးပေါင်း၍ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ကာ တပ်မတော်စစ်စခန်းများ တိုက်ခိုက်ခဲ့ကြသည်။
ထို့နောက် မြို့များကို သိမ်းဆည်းလျက်ရှိနေသည်။
အဆိုပါ တိုက်ပွဲများကို မြောက်ပိုင်းမဟာမိတ်များနှင့် PDF များသည် တရုတ်ထုတ် လက်နက်ခဲယမ်းများ၊ တရုတ်ထုတ် ဒရုန်းများကို အသုံးပြု တိုက်ခိုက်လျက်ရှိနေခြင်းကြောင့် တရုတ်က တားဆီးသင့်ကြောင်း စစ်ရေးကျွမ်းကျင်သူများက ထောက်ပြလျက်ရှိသည်။ 

တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာက မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့၏ စစ်ဆင်ရေး ရေးဆွဲရာတွင် ကချင်၊ တရုတ်၊ “ဝ” သုံးပွင့်ဆိုင် ပါနိုင်သည်ဟု ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာ “တရုတ်က သူ့ကို အသိပေးပြီးတော့ သူ့ရဲ့ Knowledge အောက်မှာပဲ ဖြစ်တယ်လို့ထင်တယ်။ ဘာကြောင့်လဲဆို တရုတ်က တိုက်ရိုက်တော့ ပြောမှာမဟုတ်ဘူး။ “ဝ”က တဆင့်ရှိမယ်။ နောက်ပြီးတော့  ဝေဖန် တဲ့ ဆရာကြီး ပြောသလိုပေါ့၊ ကချင်ကလည်း သူတို့ စစ်ဆင်ရေး ရေးဆွဲတဲ့ပုံစံမှာ ကချင်လည်း ပါချင်ပါနိုင် တာပေါ့။ အဲဒါဆို တော့ ကချင်ရယ်၊ “ဝ” ရယ်၊ တရုတ်ရယ်က သုံးပွင့်ဆိုင်က အနောက်မှာ ရှိတဲ့သဘောတော့ ခန့် မှန်းလို့ရတာပေါ့” ဟု CNI သတင်းဌာနသို့ ပြောသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်က  တရုတ်ကို ဆန့်ကျင်ကြောင်း အမျိုးသားရေးအင်အားစုများ နေပြည်တော်နဲ့ရန်ကုန်မြို့မှာ ဆန္ဒပြကြစဉ်

လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် ကယားပြည်နယ်အတွင်းမှာ ကရင်နီအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDF)၊ ကရင်နီတပ်မတော် (KA)တို့သည်လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(AA)သည် လည်းကောင်း၊ ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် PDF များသည် လည်းကောင်း၊ ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDF များသည်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသ ကြီး အတွင်းမှာ KIA- AA- PDF- ABSDF- KNU Burma တို့သည်လည်းကောင်း လက်နက်ကိုင် အင်အားစုများက မြန်မာ့တပ်မတော် စစ်စခန်းများနှင့် မြို့သိမ်း တိုက်ပွဲများ ဖော်ဆောင်လျက်ရှိနေသည်။

အဆိုပါ လက်နက်ကိုင် အင်အားစုများနောက်ကွယ်တွင် တရုတ်နှင့် အမေရိကန်နိုင်ငံများ ရှိနေသည်။

ထို့နောက် ပြည်ပ ဝင်ရောက် စွက်ဖက်မှုကို ရှုတ်ချကြောင်းနှင့် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေခြင်းကို ကန့်ကွက်ကြောင်း အမျိုးသားရေးအဖွဲ့များက နေပြည်တော်နှင့် ရန်ကုန်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။