CNI International News

ဂျေရုဆလင်၊ နိုဝင်ဘာ ၁၇

အစ္စရေးစစ်သားများသည် ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ အယ်လ်ရှီဖာ (Al Shifa) ဆေးရုံကို နိုဝင်ဘာ ၁၅ ရက် က ဝင်ရောက်ရှာဖွေခဲ့စဉ် ဟားမာ့စ်အဖွဲ့၏ လက်နက်များနှင့် တိုက်ခိုက်ရေးပစ္စည်းများကို တွေ့ရှိခဲ့သည်ဟု အစ္စရေးစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီယယ် ဟာဂါရီ (Daniel Hagari) က ပြောကြား ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဂါဇာ၏ အကြီးဆုံးဆေးရုံဖြစ်သည့် အယ်လ်ရှီဖာဆေးရုံ၏ အမည်ဖော်ပြမထားသည့် အဆောက်အအုံ တစ်ခု အတွင်း သေနတ်များ၊ လက်ပစ်ဗုံးများ၊ ခဲယမ်းများနှင့် ကျည်ကာအင်္ကျီများ အပါအဝင် တိုက်ခိုက်ရေး အသုံးအဆောင်များ ရှာဖွေတွေ့ရှိမှုကို အစ္စရေးစစ်တပ်က ဗွီဒီယိုဖိုင် ထုတ်ပြန်ခဲ့သည်။ 

အစ္စရေးစစ်တပ်က အယ်လ်ရှီဖာဆေးရုံကို ၀င်ရောက် ရှာဖွေနေစဉ်

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်နေသည့် ဟားမာ့စ်အဖွဲ့က အစ္စရေး၏ ထုတ်ပြန် ချက်သည် အလိမ်အညာများ ဖြစ်ကြောင်းနှင့် အခြေအမြစ် မရှိသည့် ဝါဒဖြန့်မှု ဖြစ်သည်ဟုဆိုကာ ငြင်းဆိုခဲ့သည်။

အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံ တောင်ပိုင်းကို နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့် အနေဖြင့် အစ္စရေးသည် ပြီးခဲ့သည့်လက ဂါဇာကမ်းမြောင်ဒေသကို ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ 

ထို့နောက် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ဆေးရုံများကို အဓိကအာရုံစိုက်ပြီး စစ်ဆင် ရေးများ ပြုလုပ်ခဲ့သည်။ 

အစ္စရေးစစ်တပ်ကို ကင်းလှည့်နေစဉ်

ဟားမာ့စ်အဖွဲ့သည် လေကြောင်း တိုက်ခိုက်မှုများကို ရှောင်လွှဲရန်အတွက် ဆေးရုံများ၏ အောက်ဘက်တွင် မြေအောက်လိုဏ်ခေါင်းများတူးကာ စစ်ဌာနများနှင့် ကွပ်ကဲရေးစင်တာများ ဆောက်လုပ်ထားကြောင်း အစ္စရေးက စွပ်စွဲခဲ့သည်။

"ရန်တစ်စီ (Rantissi) ဆေးရုံမှာလိုမျိုး အယ်လ်ရှီဖာဆေးရုံမှာ တွေ့ရှိခဲ့တဲ့ ဒီလက်နက်တွေဟာ ဟားမာ့စ်အဖွဲ့က စစ်ရေးအရ အကြမ်းဖက် တိုက်ခိုက်မှုတွေပြုလုပ်ဖို့ ဆေးရုံတွေကို အသုံးချနေတယ်ဆိုတာကို ပြသရာ ရောက်ပါ တယ်။ ဒါဟာ နိုင်ငံတကာတရားဥပဒေနဲ့ တိုက်ရိုက် ဆန့်ကျင်နေပါတယ်" ဟု ဟာဂါရီက ပြောကြားခဲ့သည်။

အစ္စရေးစစ်သားများသည် နိုဝင်ဘာ ၁၃ ရက်ကလည်း ရန်တစ်စီဆေးရုံကို ဝင်ရောက် ရှာဖွေခဲ့ပြီးနောက် ထိုဆေးရုံ ၏ မြေအောက်ခန်းတွင် တွေ့ရှိခဲ့သည့် လက်နက်များကို ဗွီဒီယိုဖိုင် ထုတ်ပြန်ခဲ့သည်။

ထိုလက်နက်များကို ဟားမာ့စ်အဖွဲ့က သိုလှောင်ထားခဲ့ခြင်းဖြစ်ကြောင်း ဟာဂါရီက ပြောကြားခဲ့သည်။