CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၂၅

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (AA)သည် ဧပြီ ၁၀ ရက်နေ့မတိုင်ခင်အထိ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လာနိုင်သော်လည်း သင်္ကြန်မတိုင်ခင်မှာ အပစ်အခတ်ရပ်စဲရေး လုပ်လာနိုင်မလားဆိုသည်ကိုတော့ စောင့်ကြည့်ရမည်ဟု စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများက ပြောသည်။

AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့က စတင်ထူထောင်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့တွင် ၁၅ နှစ်ပြည့်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ဧပြီ ၁၀ ရက်နေ့မတိုင်ခင်အထိ AA သည် ရခိုင်ပြည်နယ်ထဲက မြို့များကို ရသလောက် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း၊ ထို့နောက် ဧပြီ ၁၀ ရက်နေ့အလွန်မှာတော့ အပစ်အခတ်ရပ်စဲ ရေးကို စတင်လုပ်ဆောင်လာနိုင်သည်ဟု စစ်ရေးလေ့လာသူ တချို့က ထောက်ပြသည်။

AA အနေဖြင့် ပင်လယ်ထွက်ပေါက်ရှိနေသော စစ်တွေ၊ ကျောက်ဖြူမြို့တို့အား တိုက်ခိုက်သိမ်းပိုက်ရန် ခက်ခဲနိုင် ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

၎င်းက “ကျောက်ဖြူကို သိမ်းဖို့က ခက်ပါတယ်။ သူက ရမ်းဗြဲကိုတိုက်သလိုပဲ သဘောက ကျောက်ဖြူကို တိုက်နေတာပေါ့နော်၊ ဒါပေမဲ့ ကျောက်ဖြူတို့ ဘာတို့က နောက်မှာ ပင်လယ်ပွင့်နေတယ်လေ၊ စစ်တွေလည်း ပင်လယ်ပွင့်နေတယ်၊ အမ်းကြတော့လည်း ဒီဖက်က ပြည်မနဲ့ ကျပ်နေတဲ့အခါကြတော့ တစ်ခုတော့ ရှိတယ်၊ အမ်းဖက်ကတော့ ကျနော်တို့ ပြည်မနဲ့ ကပ်တယ်ဆိုပေမဲ့ PDF တွေက ကြားက ခံထားတယ်။ စစ်တွေနဲ့ ကျောက်ဖြူကတော့ လုံးဝလုပ်လို့ မရမယ့် သဘောမှာရှိတယ်၊ နောက်တစ်ခုက တဖြည်းဖြည်းတောင်ဖက် ဆင်းလာတာနဲ့ ရခိုင်စိတ်ဓါတ်က သိပ်မရှိတော့ဘူး။ မရှိတဲ့အခါကြတော့ အခုဆိုရင် သံတွဲမှာကိုက ပြည်သူ့စစ်တွေ ဖွဲ့ထားပြီလေ၊ သမိုင်းမှာကတည်းကိုက ရခိုင်က မြောက်ပိုင်းကသာ အစွဲပြင်းတာကိုး တောင်ပိုင်းက အစွဲမပြင်းတဲ့ အခါကြတော့ ဒါကြောင့်မို့လည်း NLD နိုင်တာလေ၊ ဒါကြောင့် တောင်ဘက်ကို ရောက်လာသမျှ သူ့ရဲ့ဟာက ကျလာတာ၊ ကျောက်ဖြူကို ကျော်လာလို့ရှိရင် မရှိတော့ပါဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့အကြား တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် လမ်းပိတ်ဆို့မှုများ ရှိလာခဲ့သည်။

ထို့နောက် မြောက်ပိုင်းသုံးဖွဲ့(MNDAA-TNLA-AA)၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် အတွင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ တောင်ပြိုလက်ဝဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ ဆမီးတို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ AA သည် သူ၏ ရည်မှန်းချက် မရမချင်း တိုက်ခိုက်မှုများကို ရပ်နိုင်ခြေမရှိဘူးဟု ထင်မြင်ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်

ဦးကြီးမြင့်က “လျော့ကျလာတယ်ဆိုတဲ့ဟာ သူတို့ လိုအပ်တဲ့ဟာတွေ အကုန်ဝိုင်းထားပြီးပြီ။ ဝိုင်းထားပြီး‌တော့ အခုစစ်တွေပဲ ကျန်တော့တယ်။ အမ်းကိုလည်းပဲ တိုက်နေပြီလေ၊ အဲဒီတော့ လျော့ကျတယ်လို့တော့ ပြောလို့မရ ဘူး။ အမ်းကိုလည်း တိုက်နေပြီအခု အမ်းတစ်ဝိုက်ကို နေရာယူထားပြီ။ သူတို့ အဲဒီလိုဟာမျိုးတွေ စစ်တွေလို ဟာမျိုးတွေ ဝိုင်းထားမယ်ထင်တယ်။ တိုက်မှာ မဟုတ်ဘူးလေ၊ အဲဒါကတော့ မဖြစ်နိုင်ဘူး။ သူတို့က ပြောထားပြီး သားလေ၊ ရှမ်းမြောက်နဲ့ သူတို့နဲ့က မဆိုင်ဘူးလို့ ပြောထားပြီးသားလေ။ AA က သူတို့ရည်မှန်းချက် မရမချင်း သူတို့ မရပ်ဘူးလို့ ပြောပြီးပြီ။ ပြောလည်း ပြောပြီဆိုတော့ အခုဝိုင်းထားပြီပေါ့၊ ဝိုင်းထားတဲ့ အနေအထားမှာ တွက်ရမှာ စစ်ရေးနဲ့ တွက်ချက်ရမှာပေါ့။ အကျအဆုံးနဲ့ ပေးရမယ့်ဟာနဲ့ ရမယ့်ဟာနဲ့ အဲဒါဝိုင်းထားတာ အခုဆိုရင် စစ်တွေက လှုပ်ရှားလို့ မရတော့ဘူး။ ရုံးတွေဆိုရင်လည်း မတက်သလောက် ဖြစ်သွားပြီ။ ခွင့်တွေကြီးပဲ။ ခွင့်မယူဘဲနဲ့ ခွင့်မဲ့ ပျက်ကွက်တွေရှိတယ်။ ရုံးတက်ရင်လည်း တစ်ပတ်ကို တစ်ရက်ပဲ တက်နိုင်တော့တယ်။ ရခိုင်မှာ အုပ်ချုပ်ရေး ယန္တရားကြီးက ပျက်သွားပြီ။ အဲဒီအခါမှာ သူတို့ အကျအဆုံးကို သူတို့ ပြန်ချိန်မှာပေါ့နော်၊ အဲဒီလိုသဘောတော့ ကျနော်တော့ ယူဆပါတယ်” ဟု ပြောသည်။

လက်ရှိတွင် စစ်တွေ၊ အမ်း၊ ကျောက်ဖြူမြို့နယ်တို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

ထို့အတူ AA အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် ကွန်ဖက်ဒရေးရှင်း(ကွန်ဖက်ဒရိတ်)ကို ရရှိရန် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြောဆိုထားသလို ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများကိုလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများကို ဖော်ဆောင်လာနိုင်ကြောင်း သိရသည်။

တရုတ်၏ ကြားဝင် စေ့စပ်ညှိနှိုင်းမှုဖြင့် နစကနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-AA-MNDAA)တို့သည် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်မှ ၃ ရက်နေ့အထိ တရုတ်နိုင်ငံ၊  ကူမင်းမြို့မှာ စတုတ္ထအကြိမ်မြောက် တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီး နှစ်ဖက် အပစ်အခတ်ရပ်စဲရန် သဘောတူညီခဲ့သည်။

သို့သော် AA သည်  ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိသည့် တပ်များနှင့်သာ သက်ဆိုင်ပြီး ရခိုင်ပြည်နယ်အတွင်းက AA တပ်ဖွဲ့၏ စစ်ဆင်ရေးများနှင့် မပတ်သက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။