CNI International News

နယူးယောက်၊ နိုဝင်ဘာ ၃

အစ္စရေးနှင့် ဟားမာ့စ် လက်နက်ကိုင်အဖွဲ့အကြား ဖြစ်ပွားနေသည့် စစ်ပွဲတွင် ဟားမာ့စ်အဖွဲ့ အင်အားနည်းသွားခဲ့ မည်ဆိုပါက ရှီးယိုက် လက်နက်ကိုင်အဖွဲ့ဖြစ်သော ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့သည် စစ်ပွဲအတွင်းသို့ ဝင်ရောက်လာနိုင်သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ဟားမာ့စ်အဖွဲ့ကို ချေမှုန်းမည့် အစ္စရေး၏ ခြိမ်းခြောက်မှုသည် ဟစ်ဇ်ဘိုလာအဖွဲ့အား စစ်ပွဲအတွင်းသို့ ဝင်ရောက် လာစေနိုင်သည့် နောက်ဆုံးစည်းတစ်ခု ဖြစ်လာလိမ့်မည်ဟု အမေရိကန်၏ New York Times သတင်းစာက ဖော်ပြခဲ့သည်။

လက်ဘနွန်နိုင်ငံရှိ ဟစ်ဇ်ဘိုလာအဖွဲ့သည် အရှေ့အလယ်ပိုင်းဒေသတွင် ကြီးမားကျယ်ပြန့်သည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာနိုင်ခြေရှိသော အခြေအနေကို ရှောင်လွှဲရန်အတွက် အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်းသို့ တိုက်ရိုက် ပါဝင်လာခြင်း မရှိသေးခြင်းဖြစ်နိုင်သည်ဟု အမည်မဖော်လိုသည့် လက်ဘနွန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့ကို တွေ့ရစဉ်

လက်ရှိအချိန်တွင် ဟားမာ့စ်အဖွဲ့သည် ပြင်ပမှ အကူအညီ မလိုအပ်သေးကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ယူဆထား သည်ဟု ထိုအရာရှိက ပြောကြားခဲ့သည်။ 

အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြောင် ဒေသအတွင်းမှ ဟားမာ့စ်အဖွဲ့သည် အစ္စရေးနယ်မြေထဲသို့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အစ္စရေးနယ်စပ်ရှိ ဒေသခံ ၁၄၀၀ ခန့်ကို သတ်ဖြတ်ကာ ၂၄၀ ကျော်အား ပြန်ပေးဆွဲ ဖမ်းဆီးသွားခဲ့သည်။ 

ထို့နောက် အစ္စရေးစစ်တပ်က လက်တုန့်ပြန်သည့် အနေဖြင့် ဂါဇာဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် ဂါဇာ၌ ဒေသခံ ၉၀၀၀ ကျော် သေဆုံးခဲ့ပြီး အရှေ့အလယ်ပိုင်းမှာ တင်းမာမှုများ ပိုမိုမြင့်တက် လာခဲ့သည်။ 

ဟားမာ့စ်အဖွဲ့ကမူ အောက်တိုဘာ ၇ ရက်က ၎င်းတို့၏ တိုက်ခိုက်မှုသည် ဂျေရုဆလင် (Jerusalem) မြို့၏ မြို့ဟောင်း (Old City) ရှိ Temple Mount တောင်ပေါ်ရှိ Al-Aqsa ဗလီကို ဆန့်ကျင်သည့် အစ္စရေးအာဏာပိုင် များ၏ ရန်လိုသော လုပ်ဆောင်ချက်များကို တုန့်ပြန်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသအား အလုံးစုံ ပိတ်ဆို့ပြီး လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်စွာ ပြုလုပ်ခဲ့သည်။

ထို့နောက် လက်ဘနွန်နှင့် ဆီးရီးယားနိုင်ငံတို့ရှိ နေရာဒေသအချို့ကိုပါ လေကြောင်းတိုက်ခိုက်ခဲ့သည်။ 

ထို့ပြင် အနောက်ဘက်ကမ်းဒေသ (West Bank) တွင်လည်း အစ္စရေးနှင့် အခြား လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

Source: တာ့စ်