CNI International News

ဘေရွတ်၊ နိုဝင်ဘာ ၄

ဟစ်ဇ်ဘိုလာ (Hezbollah)ခေါင်းဆောင် ဆေးယက် ဟက်ဆန် နာဆရာလာ (Sayyed Hassan Nasrallah) သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲနှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် မှတ်ချက်ပေး ပြောကြားလိမ့်မည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

အီရန်၏ ကျောထောက်နောက်ခံကို ရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့သည် လက်ဘနွန်နှင့် အစ္စရေးနယ်စပ်တွင် အစ္စရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

နယ်စပ်တစ်လျှောက် အစ္စရေးနှင့်ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲများအတွင်း ဟစ်ဇ်ဘိုလာ တပ်ဖွဲ့ဝင် ၅၅ ဦး သေဆုံးခဲ့သည်။ ထိုသေဆုံးသူ အရေအတွက်သည် ၂၀၀၆ ခုနှစ်က အစ္စရေးနှင့် ပထမအကြိမ် စစ်ပွဲဖြစ်ပွားပြီး နောက်ပိုင်း ဟစ်ဇ်ဘိုလာ အဖွဲ့ဝင်များ သေဆုံးမှုအများဆုံး ဖြစ်ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို တွေ့ရစဉ်

ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆရာလာ၏ မိန့်ခွန်းမပြောကြားမီ နာရီပိုင်းအလိုတွင် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေး-ဟားမာ့စ် စစ်ပွဲဖြစ်ပွားနေသည့် သီတင်း ၃ ပတ်ကျော်အတွင်း အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် အစ္စရေး စစ်တပ်၏ စခန်းများကို ၁၉ ကြိမ်တိတိ မရပ်မနား တိုက်ခိုက်ခဲ့သည်။

အစ္စရေးကလည်း ဟစ်ဇ်ဘိုလာအဖွဲ့၏ တိုက်ခိုက်မှုကို တုန့်ပြန်သည့်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ တင့်ကားများ၊ အမြောက်များဖြင့် ပစ်ခတ်မှုများကို လုပ်ဆောင်ခဲ့သည်။

မည်သို့ပင်ဆိုစေ ထိုတိုက်ပွဲငယ်များသည် စစ်မြေပြင်နှင့် ဝေးကွာလွန်းသည့် နေရာများတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။ ဟစ်ဇ်ဘိုလာ အဖွဲ့သည် လက်နက်ကြီး ပစ်ကူ အနည်းငယ်ဖြင့်သာ အစ္စရေးကို ခြိမ်းခြောက်နိုင်ခဲ့သည်။

ဟစ်ဇ်ဘိုလာ အဖွဲ့ကို တွေ့ရစဉ်

အစ္စရေးစစ်တပ်ကမူ လက်ဘနွန်နှင့် မြောက်ပိုင်းနယ်စပ်တွင် စစ်မျက်နှာသစ် ဖွင့်ရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့ သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ကလည်း ဟစ်ဇ်ဘိုလာအဖွဲ့ အနေနှင့် အစ္စရေးနှင့် ဒုတိယအကြိမ်မြောက် စစ်ပွဲဖြစ်ပွားရန် ပြင်ဆင်နေသည့် အခြေအနေကို သတိပေးခဲ့သည်။

ဟစ်ဇ်ဘိုလာ အဖွဲ့သည် အစ္စရေးကို စစ်ပွဲဆင်နွှဲမည်ဆိုပါက အစ္စရေးဘက်က မမျှော်မှန်းနိုင်လောက်သည့် တန်ပြန် တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

Source: ရိုက်တာ