CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁

ညီနောင်မဟာမိတ် ၃ ဖွဲ့(AA-TNLA-MNDAA)က ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာပြည် အလယ်ပိုင်းသို့ ရောက်ရှိလာနိုင်သလားဆိုပြီး နိုင်ငံရေး၊ စစ်ရေးသုံးသပ်သူများကြား အကဲဖြတ် သုံးသပ် ဆွေးနွေး နေကြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးသည် ကိုးကန့်ဒေသ အပါအဝင် လားရှိုး၊ သိန္နီ၊ မိုးကုတ်နှင့် နောင်ချို တို့တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ်အဖွဲ့တွင် ရက္ခိုင့်တပ်တော် (ULA/AA)၊ ပလောင်ပြည်လွတ်မြောက် ရေးတပ်ဦး (PSLF/TNLA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP/MNDAA) တို့အပြင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်တို့လည်း ပါဝင်ခဲ့ သည်။

ထို ၁၀၂၇ စစ်ဆင်ရေးမှာ မြန်မာပြည် အလယ်ပိုင်းဒေသသို့ မရောက်ရှိနိုင်ကြောင်း မြန်မာ့နိုင်ငံရေးနှင့် စစ်ရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးမှာ ပါ၀င်တိုက်ခိုက်နေတဲ့ ရဲဘော်များကို တွေ့ရစဉ်

၎င်းက “မရောက်နိုင်ပါဘူး။ သူတို့က အားလုံးနေရာစုပြီးတော့ တစ်နေရာတည်းမှာပဲ လိုက်ပြီး လုပ်ရတဲ့ အနေ အထား ရှိတယ်လေ၊ ပြောရလို့ရှိရင်‌တော့ ကျနော်တို့ တပ်မတော်ဘက်ကလည်း လုပ်ဆောင်ချက်တွေမှာ လိုအပ် တာလေးတွေ ရှိခဲ့တာပေါ့နော်၊ အဲဒီအချက်လေးတွေလည်း ပါတယ်ပေါ့၊ ဒါကတော့ တပ်က ဒီမိုကရေစီ အစိုးရ လက်ထက် နှစ်ဆက်မှာ နယ်မြေတွေကို control လုပ်ဖို့အတွက်က ခက်သွားတယ်၊ အဲဒါက ဖွဲ့စည်းပုံအခြေခံ ဥပဒေ အားနည်းချက်ကြီး အဲဒါကို ဘယ်သူမှ မမြင်ဘူး၊ ကျနော်တစ်ယောက်ပဲ၊ အဲဒါကြောင့်မို့လို့ မမျှော်လင့်ဘဲနဲ့ ပြောက်ကြားစစ်ပုံစံ ပြည်တွင်းစစ်ကတော့ ပြန့်သွားတာပေါ့နော်၊ တခြားဝါဒဖြန့်ချီရေး စစ်တပ်နဲ့ ပတ်သက်လို့ အမှောင်သတင်းကလည်း အများကြီး ဖြစ်ခဲ့တာကိုနော်၊ အဲဒီတော့ ဒါတွေက စစ်တပ်ဆိုရင် လူဆိုးလို့ မြင်တာပေါ့၊ အဲဒီလို လူဆိုးလို့ မြင်အောင်လည်း တပ်ကလည်း တချို့ အချက်အလက်လေးတွေမှာ တပ်ဖက်ကနေပြီးတော့ ရည်ရွယ်ချက်မရှိပေမယ့် စီမံခန့်ခွဲမှု အမှားတွေက ဖြစ်ခဲ့တာလေးတွေရှိတာပေါ့၊ အဲဒါတွေကို ပုံကြီးချဲ့လိုက်တဲ့ အခါကြတော့ စစ်တပ်က လူဆိုးကြီး ဖြစ်သွားတဲ့အခါကြတော့ အဲဒီတစ်ချက်ရယ် နောက်ပြီးတော့ ၂၀၀၈ အရ လုံခြုံရေးမှာ စစ်တပ်ကနေပြီးတော့ တာဝန်ယူခွင့် မရှိတာပေါ့၊ ဥပဒေအားနည်းချက်အရ ဒီနှစ်ခုပေါင်းစပ်ပြီးတော့ အခုဖြစ်လာတဲ့ ကိစ္စမှာတော့ နည်းနည်းလေးတော့ အသည်းအသန်တော့ လုပ်ရတဲ့ သဘောတော့ ရှိတာပေါ့” ဟု‌ ပြောသည်။

မိမိတို့ စစ်ဆင်ရေးကို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်သာမက ကချင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် တွင်လည်း စစ်ဆင်ရေးဖော်ဆောင်နေပြီး တိုက်ပွဲများ ပြင်းထန်နေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးမှာ ပါ၀င်တိုက်ခိုက်နေတဲ့ ရဲဘော်များကို တွေ့ရစဉ်

ပြည်မအထိ ရောက်ခြင်း မရောက်ခြင်းက ညီနောင်မဟာမိတ်အနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်မှာ မည်မျှအထိ မျှော်မှန်းထားသလဲ ဆိုသည့်အပေါ်တွင် မူတည်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုဒီလို လုပ်တာဟာ သူက သုံးဖက်သုံးတန်မှာ မူတည်တာပေါ့၊ နံပါတ်တစ်ကတော့ ထိုးစစ်ဆင်တဲ့ ညီနောင်တပ်ဖွဲ့တွေက သူတို့ ဘယ်အထိ ရည်မှန်းချက်ထားသလဲ အဲဒီရည်မှန်းချက် ပြည့်စုံပြီဆိုရင် သူတို့က ရပ်သွားမလား ဆိုတာလည်း မူတည်မှာပေါ့၊ နောက်တစ်ခုက ဒီကိစ္စကို တပ်မတော်ဖက်က ဘယ်လို ကိုင်တွယ် မလဲ ဆိုတာလည်း ဒါကလည်း အရေးကြီးပါတယ်၊ တပ်မတော်က စစ်ရေးတစ်ဖက်၊ နိုင်ငံရေးတစ်ဖက်၊ သံတမန် ရေး တစ်ဖက်နဲ့ သူက ပါးပါးနပ်နပ်နဲ့ ကိုင်တွယ်တယ်ဆိုလို့ရှိရင်လည်း ဒါဟာ မြန်မြန်ပြီးသွားနိုင်ပါတယ်၊ နောက် ပြီးတော့မှ တစ်ခုကတော့ ကျနော်တို့ရဲ့ အိမ်နီးနားချင်း နိုင်ငံဖြစ်ပါတယ်။ ဒီအိမ်နီးနားချင်း နိုင်ငံတွေက အခုလို ဖြစ်နေတဲ့ကိစ္စ၊ သူ့ရဲ့ နယ်စပ်မှာ တိုက်ပွဲဖြစ်နေတဲ့ ကိစ္စတွေက ဘယ်လို သဘောထားသလဲ ဒါတွေဟာ မရှိသင့် မဖြစ်သင့်ဘူးလို့ သူကလည်း မြင်တယ်၊ ပြဿနာတွေကို အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းဖို့ လိုတယ်လို့ သူကလည်း မြင်တယ်ဆိုလို့ရှိရင် ဒါဟာ တပ်မတော်နဲ့ရော ညှိ၊ နောက်ပြီးတော့မှ ညှိနောင်အဖွဲ့တွေနဲ့လည်း ညှိပြီးတော့မှ မြန်မြန်ပြီးသွားနိုင်ပါတယ်ခင်ဗျ၊ အဲဒီလို ဖြစ်ဖို့လည်း ကျနော်မျှော်လင့်ပါတယ်” ဟု ပြောသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကြောင့် ရှမ်းမြောက်တွင် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး နှစ်ဖက် တိုက်ပွဲများ ပြင်းထန်နေသလို လက်နက်ကြီး ပစ်ခတ်မှုနှင့် လေယာဉ်ကြောင်း တိုက်ခိုက်မှုများလည်း ရှိနေသည်။

ညီနောင်မဟာမိတ်ဖြစ်သော AA၊ TNLA၊ MNDAA တို့သည် စစ်ရေး၊ နိုင်ငံရေးများကို အတူပူးတွဲ လှုပ်ရှားကြသော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်သည်။