CNI International News 

မော်စကို၊ အောက်တိုဘာ ၂၇

အစ္စရေး-ဟားမာ့စ် စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသထက် ပိုမိုကျော်လွန်ပြီး ပျံ့နှံ့လာနိုင်သည်ဟု ရုရှားသမ္မတ ပူတင် (Vladimir Putin) က သတိပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။
 
ထို့ပြင် အခြားသူများ၏ ရာဇဝတ်မှုများကြောင့် ဂါဇာတွင် ပါလက်စတိုင်း အမျိုးသမီးများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများပါ ရောနှောပြီး အပြစ်ပေးခံနေရခြင်းသည် မှားယွင်းသည်ဟုလည်း ပူတင်က ပြောကြား ခဲ့သည်။  

"ဒီနေ့ ကျနော်တို့ရဲ့ အဓိက တာဝန်ကတော့ သွေးထွက်သံယိုမှုတွေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ဖြစ်ပါ တယ်" ဟု ပူတင်က အောက်တိုဘာ ၂၅ ရက်က ရုရှားဘာသာရေး ခေါင်းဆောင်များနှင့် ကရင်မလင်နန်းတော်တွင် အစည်းအဝေး ပြုလုပ်ချိန်အတွင်း ပြောကြားခဲ့သည်။

အကယ်၍ အစ္စရေးအနေနှင့် ဂါဇာကမ်းမြောင်ဒေသတွင် စစ်ဆင်ရေးများကို ရပ်တန့်ခြင်းမရှိပါက ထိုပဋိပက္ခသည် ပိုမိုကြီးမား ကျယ်ပြန့်လာလိမ့်မည်ဟုလည်း ပူတင်က အခြားနိုင်ငံများမှ ခေါင်းဆောင်များနှင့် ဖုန်းဆက်သွယ် ပြောဆိုမှုအတွင်း ပြောကြားခဲ့သည်။

 အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများကို တွေ့ရစဉ်

"ဒီပဋိပက္ခ ပိုပြီး အရှိန်မြင့်လာခဲ့မယ်ဆိုရင် အန္တရာယ်ကြီးမားပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွားလာမယ့် အကျိုး ဆက်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ အရှေ့အလယ်ပိုင်း ဒေသမှာတင် မဟုတ်ပါဘူး။ အရှေ့အလယ်ပိုင်း ထက် ကျော်လွန်တဲ့ နေရာတွေအထိပါ ပျံ့နှံ့သွားနိုင်ပါလိမ့်မယ်" ဟု ပူတင်က ပြောကြားခဲ့သည်။ 

ထို့ပြင် အခြား အင်အားစုများသည်လည်း ပဋိ့ပက္ခကို ပိုမိုအရှိန်မြင့်တက်စေရန် ကြိုးပမ်းနေပြီး အခြားနိုင်ငံများကို ပါ အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း ပါဝင်လာစေရန် လုပ်ဆောင်နေသည်ဟု ပူတင်က အနောက်နိုင်ငံများကို ရည်ရွယ်ပြောကြားခဲ့သည်။ 

ထိုအင်အားစုများ၏ ရည်ရွယ်ချက်မှာ အရှေ့အလယ်ပိုင်းတွင်သာမက အရှေ့အလယ်ပိုင်းထက် ကျော်လွန်သည့် နေရာဒေသများတွင်ပါ အပြန်အလှန် မုန်းတီးမှုများနှင့် ပရမ်းပတာ အခြေအနေများကို ဖန်တီးရန် ဖြစ်သည်ဟု လည်း ပူတင်က ပြောသည်။ 

 အစ္စရေးစစ်သားတွေကို တွေ့ရစဉ်

အောက်တိုဘာ ၂၅ ရက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် အမေရိကန်က အဆိုပြုသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ အရပ်သားများကို ကာကွယ်ရေး၊ ဂါဇာဒေသကို ထိန်းချုပ် ထားသည့်် ဟားမာ့စ်အဖွဲ့နှင့်အခြား လက်နက်ကိုင်အဖွဲ့များကို လက်နက်ထောက်ပံ့မှုများအား ရပ်တန့်ရေး တောင်းဆိုထားသည့် ကြေညာချက် မူကြမ်းတစ်စောင်ကို ရုရှားနှင့်တရုတ်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ 

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်မှုသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ထောက်ခံထားသည့် သမားရိုးကျ အပစ်အခတ်ရပ်စဲရေးနှင့် တူညီမှုမရှိကြောင်း သံတမန်များက ပြောကြားခဲ့သည်။ 

အဘယ်ကြောင့်ဆိုသော် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ်မှုသည် နာရီပိုင်းသာ ကြာမြင့်သော ကြောင့် ဖြစ်သည်။

Source: အယ်လ်ဂျာဇီးယား