CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တရားဝင်အစိုးရအဖြစ် သတ်မှတ်ပေးရန် ဥရောပသမဂ္ဂ (EU)ထံ အောက်တိုဘာ ၁၆ ရက် ရက်စွဲဖြင့် NUG ဘက်က တောင်းဆိုခဲ့သည်။

NUG နှင့် အဆင့်ဆင့်ဖွံ့ဖြိုးလာလျက်ရှိသော ပြည်နယ်အစိုးရများအား မြန်မာနိုင်ငံ၏ တရားဝင် အစိုးရများအဖြစ် အသိအမှတ်ပြုရန်၊ အခြားတော်လှန်ရေး အင်အားစုများအား ဒီမိုကရေစီ အဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုရန် NUG ဘက်က တောင်းဆိုထားသည်။

ပြည်နယ်အစိုးရများဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ဖြစ်လာမည့်ပုံရိပ် မရောက်သေးကြောင်း၊ ၎င်း တောင်းဆို ချက်မှာ မဖြစ်နိုင်သေးကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြော သည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို တွေ့ရစဉ်

၎င်းက “အဲဒါကတော့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်မှာတော့ မဖြစ်နိုင်သေးဘူးလို့ ကျနော်ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုတစ်ခုက ပြည်နယ်အစိုးရ ပြည်နယ်အလိုက်ဆိုတာ ဒီနေ့ ဘယ်နှစ်ခုရှိပြီလဲ၊ ကျနော်တို့ ချင်းဆိုလို့ရှိရင် သူ့ပြည်နယ်အစိုးရဖြစ်ဖို့ ကြိုးပမ်းတုန်း၊ အခုဖြစ်နေတာက KNDF ပေါ့ဗျာ၊ ကယားပြည်နယ်မှာ ရှိတယ်၊ နောက်ပြီးတော့ KNU မှာ ရှိတယ်၊ KIA တောင်မှ သူတို့အနေနဲ့ အုပ်ချုပ်ရေး ယန္တရား စနစ်တကျ တည် ဆောက်နိုင်တာတောင်မှ သူက သူ့ပြည်နယ် အစိုးရဆိုတာကို သူက ဖွဲ့စည်းတာ ကြေညာတာ မရှိသေးပါဘူး။ အဲဒီ တော့ ပြောချင်တဲ့ အဓိပ္ပာယ်ကတော့ ပြည်နယ်အစိုးရများ စုစည်းထားတဲ့ မြန်မာနိုင်ငံဆိုတဲ့ ပုံရိပ်ကို မရောက်ရှိ သေးဘူး၊ မရရှိသေးဘူးလို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။

ထို့အတူ ပြည်သူလူထုများ၏ အသံကို ကြားသိနိုင်ရန်နှင့် တရားဝင် ကိုယ်စားပြုနိုင်ရန်အတွက် မိမိတို့၏ ကိုယ်စားလှယ်များအား နှစ်နိုင်ငံနှင့် EU နိုင်ငံစုံ အစည်းအဝေးများသို့ ဖိတ်ကြားရန်လည်း NUG က တောင်းဆို ထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က NLD အစိုးရကို ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှု အား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့သည်။

NUG အဖွဲ့၀င်များကိုတွေ့ရစဉ်

ထို့နောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် နွေဦးတော်လှန်ရေးကို ဒီမိုကရေစီ အင်အားစုများက ဆင်နွှဲခဲ့ ကြသည်။

EU က NUG ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် သတ်မှတ်ရန် အကြောင်းမရှိဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒါက ဘယ်သတ်မှတ်လိမ့်မလဲ၊ သူက အမှန်ပြောရလို့ရှိရင် အစိုးရဆိုတာ တရားဝင်မှု၊ မဝင်မှုဆိုတဲ့ မေးခွန်းထက်ကို သူတို့က ပကတိ ကျနော်တို့ ပကတိအခြေအနေအပေါ် ဆုံးဖြတ်ရတဲ့ အ‌နေအထားကို ဒါက နိုင်ငံတကာရဲ့ ထုံးစံပဲလေ၊ အဲဒီတော့ သူ့ကို တရားဝင် အစိုးရအဖြစ် သွားသတ်မှတ်လို့ရှိရင် EU သမဂ္ဂမှာ ရှိတဲ့ လုပ်ငန်းတွေက လိုင်စင်တို့၊ ပတ်စပို့တို့၊ ဗီဇာတို့ ဒီလိုကိစ္စတွေကြတော့ ဘယ်သူက သွားလုပ်မှာလဲ၊ ဒါ လုပ်လို့မှ မလွယ်တဲ့ကိစ္စ၊ အဲဒီအခါကြတော့ ဘယ်လိုမှ ဒါက သတ်မှတ်စရာအကြောင်း မရှိဘူးပေါ့” ဟု ပြောသည်။

လတ်တလောတွင် ကယား(ကရင်နီ) ပြည်နယ်တွင် ပြည်နယ်အစိုးရပုံစံမျိုး လုပ်ဆောင်ထားကြောင်း၊ ကျန်သော ပြည်နယ် များကိုလည်း အစိုးရပုံစံမျိုး ဖွဲ့စည်းမည့် ပုံစံရှိနေကြောင်း ၎င်းက ပြောသည်။

လက်ရှိမှာ နစက နှင့် NUG တို့သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အပါအဝင် သံတမန်ရေးရာများ အားပြိုင်လျက် ရှိနေသည်။

သို့သော် လက်တွေ့မှာတော့ နစကဘက်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို ကိုင်တွယ်လျက်ရှိနေ သလို နိုင်ငံတကာကလည်း သံအမတ် ခန့်အပ်လွှာများအား နစကထံ ပေးအပ်လျက်ရှိနေသည်။