CNI International News

မက္ကဆီကို စီးတီး၊ အောက်တိုဘာ ၇

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့သည် ပြီးခဲ့သည့်လက အမေရိကန်-မက္ကဆီကို နယ်စပ် တွင် တွေ့ရှိခဲ့သည့် ဗင်နီဇွဲလား ရွှေ့ပြောင်းများကို နိုင်ငံအတွင်းကနေ နေရပ်ပြန်ပို့သွားမည်ဟု အေပီမှ ဖော်ပြခဲ့ သည်။

အမေရိကန်သို့ ဗင်နီဇွဲလား ရွှေ့ပြောင်းများ ဝင်ရောက်လာမှု ဆက်လက် မြင့်တက်နေချိန်တွင် ထိုရွှေ့ပြောင်းများ ကို စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည့် ၎င်းတို့၏နိုင်ငံကို ပြန်ပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

ဘိုင်ဒန်အစိုးရအဖွဲ့သည် ခိုလှုံခွင့် တောင်းခံသူများအတွက် တရားဝင် လမ်းကြောင်းများကို ပိုမိုဖွင့်ပေးထားပြီး လူဝင်မှုကို တင်းကျပ်သည့် အစီအစဉ်သစ်တစ်ခုကို လုပ်ဆောင်နေကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး အလက်ဂျန်ဒရို မာယော်ကက်စ် (Alejandro Mayorkas)က အောက်တိုဘာ ၅ ရက်တွင် မက္ကဆီကိုစီးတီးမြို့၌ မိန့်ခွန်းပြောကြားခဲ့သည်။

"ကျနော်တို့ နှစ်နိုင်ငံဟာ ရွှေ့ပြောင်း နေထိုင်သူတွေ မကြုံစဖူး အများအပြား ဝင်ရောက်လာတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင် ခဲ့ရပါတယ်"ဟု မာယော်ကက်စ်က မက္ကဆီကို ရည်ညွှန်းပြီး ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တွေ့ရစဉ်

နေရပ်သို့ ပြန်လည်ပို့ဆောင်မည့် လေကြောင်းခရီးစဉ်များကို မကြာမီ စတင်သွားမည်ဖြစ်ကြောင်း အမည်မဖော်လို သည့် အမေရိကန်အရာရှိနှစ်ဦးက ပြောကြားခဲ့သည်။

သို့သော်လည်း နေရပ်ပြန်ပို့မည့်် လေကြောင်း ခရီးစဉ်များနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

ဘိုင်ဒန်အစိုးရအဖွဲ့သည် အမေရိကန်သို့ ရောက်ရှိလာသည့် ထောင်နှင့်ချီသော ဗင်နီဇွဲလား နိုင်ငံသားများအတွက် နေထိုင်ခွင့်ဆိုင်ရာ သတ်မှတ်ချက်များကို တိုးမြှင့်ခဲ့သည်။

ထို့နောက် ယခုနှစ် ဇူလိုင် ၃၁ ရက် မတိုင်မီ နိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် ဗင်နီဇွဲလား နိုင်ငံသားများသည် ယာယီ အကာအကွယ် ရရှိထားသည့် စာရင်းတွင် ပါဝင်မည်ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ကို တွေ့ရစဉ်

အမေရိကန်သည် ရွှေ့ပြောင်း နေထိုင်သူများ၏ အခြေအနေကို သုံးသပ်ပြီး ဗင်နီဇွဲလားနိုင်ငံသားများကို ဘေးကင်း လုံခြုံစွာ ပြန်လည် ပို့ဆောင်ရေးအတွက် စဉ်းစားသုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း ဘိုင်ဒန်အစိုးရအဖွဲ့က ယခု သီတင်းပတ်အတွင်း ပြောကြားခဲ့သည်။

မက္ကဆီကိုနိုင်ငံသို့ သွားရောက်သည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင် (Antony Blinken) ကလည်း အမေရိကန်တွင် ယာယီ အကာအကွယ် ရရှိထားသော ရွှေ့ပြောင်းများအတွက် ခိုင်မာသည့် ကတိကဝတ်များအတိုင်း လုပ်ဆောင်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

လစ်သူယေးနီးယား လူဝင်မှုနှင့် ဒုက္ခသည် ဝန်ဆောင်မှုဌာနကမူ ဗင်နီဇွဲလား ရွှေ့ပြောင်းများအား နေရပ်သို့ ပြန်လည် ပို့ဆောင်မည့် အမေရိကန်၏ အစီအစဉ်ကို ဝေဖန်ခဲ့သည်။

Source: အေပီ