CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၁

ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) ကို ဖွဲ့စည်းလိုက်ခြင်းသည် ဗမာတိုင်းရင်းသား ဒေသအတွက် အားတက်စရာကောင်းသော အခြေအနေတစ်ရပ်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက် ရေး၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို အခြေခံသော နိုင်ငံရေးမူဝါဒ တစ်ရပ် ပေါ်ပေါ်ရေးအတွက် စက်တင်ဘာ ၉ ရက်နေ့က ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်ကို ဖွဲ့စည်း ကြောင်း ဗိုလ်နဂါး ကြေညာခဲ့သည်။

ဦးသန်းစိုးနိုင်က “ဟုတ်ကဲ့ ဗမာအမျိုးသားတပ်မတော် ဖွဲ့စည်းလိုက်တာဟာ ဗမာအမျိုးသားဒေသအတွက် အခြား သော တိုင်းရင်းသားဒေသများနည်းတူ လက်နက်ကိုင်တပ်ဖွဲ့ ပေါ်ပေါက်ဖို့ လိုအပ်တယ်ဆိုတဲ့အမြင် ကျနော်တို့ ရှိပါ တယ်။ ဒါပေမဲ့ ဗိုလ်နဂါးတို့အဖွဲ့က ဗမာအမျိုးသားဒေသမှာ ရှိနေတဲ့ အင်အားစုတွေ အားလုံးပါဝင်၊ မပါဝင်တော့ သေချာလည်း ကျနော်တို့ မသိရသေးပါဘူး။ ဒါပေမဲ့ အားလုံးစုစုပေါင်း အဖွဲ့ ၁၃ ဖွဲ့လို့ ပြောကြပါတယ်။ အဲဒီ ၁၃ ဖွဲ့ ထဲမှာ ၁၁ ဖွဲ့က ဗိုလ်နဂါးတို့နဲ့ တပ်မဟာ ၁ ခု ဖွဲ့စည်းတယ်လို့ သဘောတူကြတာ ကြားရတဲ့အတွက် ဒါကတော့ ဗမာတိုင်းရင်းသားဒေသအတွက် လက်နက်ကိုင် အင်အားတစ်ရပ် ပေါ်ပေါက်လာတဲ့အတွက် ကြိုဆိုတယ်လို့ ယေဘုယျ ခြုံပြီးတော့ ပြောလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရင် ကောင်းပါ တယ်။ ဒါပေမဲ့ ကျန်တဲ့ နှစ်ဖွဲ့ကလည်း NUG နဲ့ ဆက်စပ်ပြီး ဆောင်ရွက်လုပ်ကိုင်မယ့် သဘောရှိတဲ့အတွက် ဒီအင်အားစု ပေါ်ပေါက်လာခြင်းကို ကျနော်တို့ ယေဘုယျအားဖြင့် ပြောရလို့ရှိရင် ဗမာတိုင်းရင်းသားဒေသအတွက် အားတက်စရာကောင်းတဲ့ အခြေအနေတစ်ရပ် ပေါ်ပေါက်လာလတယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်(BNRA) တပ်ဖွဲ့၀င်များကို တွေ့ရစဉ်

BNRA ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှာ အခြေပြု လှုပ်ရှားသွား မည်ဖြစ်ကြောင်း၊ တပ်အင်အားအနေဖြင့် တပ်ရင်း ၁၈ ရင်းဖြစ် ပြင်ဆင်ထားကြောင်း သိရသည်။

လက်ရှိ အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်သို့ မဝင်ရောက်နိုင်သေးသည့် တော်လှန်ရေး အဖွဲ့အစည်းများရှိနေကြောင်း၊ ပြန့်ကျဲနေသော အဖွဲ့အစည်းများကို စုစည်းပြီး BNRA ကို တည် ထောင်ခြင်းဖြစ်ကြောင်း BNRA ဥက္ကဋ္ဌ ဗိုလ်နဂါးမှ ပြောသည်။

၎င်းက “ဒီလိုပြန့်ကျဲနေတဲ့ အဖွဲ့အစည်းတွေ အစိုးရအနေနဲ့ လက်ကြားယိုနေတဲ့ အဖွဲ့တွေကို စုပြီးတော့ ကျနော်တို့ က BNRA ဆိုတဲ့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော်ကို ဖွဲ့စည်းရခြင်းလည်း ဖြစ်တယ်၊ ဒီကိစ္စကို အားလုံး ပြောနေကြသလို တစ်စင်ထောင်တာ၊ တစ်စုဖွဲ့တာလည်း မဟုတ်ဘူး။ ကျနော်တို့ရဲ့ ကိုယ်ကျိုးအတွက်လည်း မဟုတ်ဘူး။ ကျနော်တို့က ဒီကိစ္စကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပြီး ဖြစ်တယ်၊ စောစောက ခက်ခက် ခဲခဲနဲ့ ခရီးသွားခဲ့ရတယ်၊ ခရီးသွားခဲ့ရပြီးတော့ ကျနော်တို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကျနော်လူချင်းတွေ့ပြီးတော့ ရက်ရှည်အချိန်ကြာ ကျနော်တို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီးလည်း ဖြစ်တယ်၊ ဝန်ကြီးနဲ့တော့ မျက်နှာချင်းဆိုင် ဆွေးနွေးခဲ့ကြပေမယ့် ဝန်ကြီးရယ်၊ ကျနော်ရယ်၊ နောက်သမ္မတကြီးရယ်က Zoom Meeting မှာ တွေ့ပြီးတော့ ကျနော်တို့ ဒီကိစ္စကို ဆွေးနွေးခဲ့တယ်၊ MRDA ကို နောက်ပူးပေါင်းလာတဲ့ အဖွဲ့တွေနဲ့ COC စနစ်တကျ တည် ဆောက်ပြီးတော့ စစ်ရေးမှာလည်း တိုင်းရင်းသားတွေရဲ့ ကူညီမှုနဲ့ ကျနော်တို့ Regular army၊ Standard Army ပုံစံ သေချာ ဖွဲ့စည်းပြီးတော့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်တွဲလုပ်သွားနိုင်ဖို့ ပူးပေါင်း လုပ်ဆောင် မယ်ဆိုတဲ့ ဒီကြေညာချက်တွေနဲ့ ထုတ်ဖို့ ဆွေးနွေးကတိပြုခဲ့ကြပြီး ဒါလုပ်ဆောင်လာတဲ့ အဖွဲ့အစည်းလည်း ဖြစ် တယ်” ဟု ပြောသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို တွေ့ရစဉ်

BNRA သည် ဗမာဆိုသော လူမျိုးနာမည် ပါနေခြင်းက ဗမာတိုင်းရင်းသားအရေး တစ်ခုတည်းကို ဦးတည်ဆောင် ရွက်မှာလား တစ်နိုင်ငံလုံးအရေးကို ဆောင်ရွက်မှာလား စောင့်ကြည့်ရမှာဖြစ်ကြောင်း၊ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော်ဆိုသော နာမည်ဖြင့် တစ်နိုင်ငံလုံး အရေးလုပ်ဆောင်မည်ဆိုပါကလည်း တခြားသော တိုင်းရင်းသားများ၏ ထောက်ခံမှုကို ရယူနိုင်ပါ့မလား မေးခွန်းထုတ်စရာဖြစ်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ် သူများက ပြောသည်။

လက်ရှိတွင် နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာသော ဗမာကိုယ်စားပြု အဖွဲ့အစည်းအနေဖြင့် ဗမာ ပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) တို့ ရှိနေပြီး အခြားသော ဒေသအခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများလည်း ရာနှင့်ချီရှိနေကြောင်း သိရသည်။

အဆိုပါ ကွဲပြားနေသော တော်လှန်ရေးအင်အားစုများကို NUG အနေဖြင့် စုစည်းရန် လိုအပ်ကြောင်း နိုင်ငံ‌ရေး အသိုင်းအဝိုင်းကြား သုံးသပ်ဆွေးနွေးမှုများလည်း ရှိနေသည်။