CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၉

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့က ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီဆိုသည်မှာ ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ဆိုသည်မှာ ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ပေါင်းစပ်ထားသည့် ပြည်ထောင်စုပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များ အားလုံးတွင် တိုင်းရင်းသား များအားလုံး စုစည်းနေထိုင်ကြကြောင်း၊ ထို့ကြောင့် ဒေသအလိုက် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြခြင်း ဖြစ်သဖြင့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍ မရဘဲ ဒေသကို အခြေခံ၍ ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဖက်ဒရယ်အခွင့်အရေးနှင့်ပတ်သက်၍ ပေးထားပြီးဖြစ်သည်ကို လေ့လာ ကြည့်ပါက သိရှိနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး ပြည်သူ့ ဆန္ဒနှင့်အညီ ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်သဖြင့် ပြည်သူအများဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင်သင့်သည့် အချက်များကို ပြုပြင်ရန်အတွက် တပ်မတော်အနေဖြင့် သဘောတူညီထားပြီဖြစ်သည်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့များ တွေ့ဆုံစဉ်

သို့သော် နိုင်ငံအတွက် အရေးကြီးသည့် တို့တာဝန်အရေးသုံးပါးကို မထိခိုက်ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ်မျှတစွာဖြင့် ဆောင်ရွက်နိုင်ရန် လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည် ဆောက်ရေးကို ဆောင်ရွက်ရန်အတွက် အဓိကအားဖြင့် ဆူးညှောင့်ခလုတ်ဖြစ်နေသည်မှာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် ပတ်သက်၍ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုသ်ည”ဟု ပြောသည်။

ထို့နောက် နစကနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းပြီးနောက် ဦးတည်ချက် ၉ ရပ်ကို အသစ် ထပ်မံ ချမှတ်၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ပထမအချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီ စုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည် ဆောက်နိုင်ရေး၊ ဒုတိယအချက်မှာ တစ်နိုင်ငံလုံး ထာဝရ ငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါအတိုင်း အလေးထား လုပ်ဆောင်ရေး၊ တတိယအချက်မှာ ပြည်သူလူထု၏ လူမှုစီးပွားရေးဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝ ရရှိစေရန် အလေးထား လုပ်ဆောင်ရေး စသည့် အချက်များ ပါဝင်သည်။

လက်ရှိ မြန်မာနိုင်ငံသူ/သားများသည် လျှပ်စစ်မီး လုံလောက်စွာ မရရှိဘဲ ဖြစ်နေခြင်း၊ အခြေခံစားသောက် ကုန် ဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ လမ်းပန်းဆက်သွယ်ရေး လုံခြုံ စိတ်ချမှုမရှိဘဲ ဖြစ်နေခြင်း၊ အလုပ်အကိုင် ရှားပါး လာခြင်း၊ ငွေကြေးဖောင်းပွမှုဒဏ် ခံနေရခြင်း၊ တရားဥပဒေစိုးမိုးမှု မရှိခြင်း စသည့် အခြေအနေများဖြင့် ရင်ဆိုင် နေကြရသည်။